အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အရှေ့တောင်အာရှအားကစားပြိုင်ပွဲအဖွဲ့ချုပ်

(Southeast Asian Games Federation - SEAGF)

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အမှတ်တံဆိပ်

၁၉၅၈ ခုနှစ်တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကို (Southeast Asian Peninsular Games Federation–SEAPGF) စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၇၇ ခုနှစ် (၉)ကြိမ်မြောက်ပြိုင်ပွဲမှစတင်၍ အရှေ့တောင်အာရှအားကစားပြိုင်ပွဲအဖွဲ့ချုပ် (Southeast Asian Games Federation – SEAGF)အမည်ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

၁၉၅၈ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင် ဂျပန်နိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၃)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် အရှေ့တောင်အာရှကျွန်းဆွယ်နိုင်ငံများ၏ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အားကစားအဖွဲ့အစည်းတစ်ခုတည်ထောင်ရန် သဘောတူညီခဲ့သည်။ အဆိုပါအဖွဲ့အစည်းကို ထိုင်းနိုင်ငံ၊ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ Luang Sukhum Nayaoradit မှ ဦးဆောင်ခဲ့ပြီး အဆိုပြုချက်တွင် ဒေသတွင်းနိုင်ငံများ၏ အားကစားပွဲတော်ဟုဆိုသော်လည်း ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ဒေသတွင်း တည်ငြိမ်ရေး စသည်တို့အတွက် ရည်ရွယ်ကျင်းပကြခြင်းဖြစ်သည်။

ထိုင်း၊ မြန်မာ၊ မလေးရှား၊ လာအို၊ တောင်ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့သည် အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ (SEA Games)ဖြစ်လာမည့် (SEAP Games) ကိုတည်ထောင်သည့် နိုင်ငံ(၆)နိုင်ငံဖြစ်လာကြပြီး အားကစားပွဲတော်ကို (၂)နှစ်တစ်ကြိမ်ကျင်းပရန် ၁၉၅၉ ခုနှစ်၊ဇွန်လတွင် ဆုံးဖြတ်ခဲ့ကြသည်။ ပထမအကြိမ် SEAP Gamesကို ၁၉၅၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်မှ ၁၇ ရက်အထိ ဘန်ကောက်မြို့၌ ကျင်းပခဲ့ပြီး မြန်မာ၊ ထိုင်း၊ မလေး၊ စင်္ကာပူ၊ တောင်ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ အားကစားအမျိုးအစားပေါင်း (၁၂)မျိုးတွင် အားကစားသမားပေါင်း (၅၂၇) ဦးဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပထမအကြိမ် ပြိုင်ပွဲတွင် ကျွန်းဆွယ်နိုင်ငံတစ်ခုဖြစ်သော စင်ကာပူနိုင်ငံသာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ကမ္ဘောဒီးယားနိုင်ငံသည် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းမရှိပဲ ရန်ကုန်မြို့တွင်ကျင်းပသော ဒုတိယအကြိမ် ပြိုင်ပွဲမှသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

၁၉၇၅ ခုနှစ် (၈) ကြိမ်မြောက် အားကစားပွဲတော်တွင် နိုင်ငံရေးအခြေအနေများကြောင့် နိုင်ငံ (၄) နိုင်ငံသာပါဝင်နိုင်ခဲ့၍ ၁၉၇၇ ခုနှစ်တွင် ဘရူနိုင်း၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်ကို အဖွဲ့ဝင်အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်ပြုပေးခဲ့သည်။ ထိုနှစ်တွင်ပင် SEAP အဖွဲ့ချုပ်က အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ် (Southeast Asian Games Federation – SEAGF)ဟု အမည် ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး ယင်းပွဲတော်ကို (SEA Games)ဟု လူသိများလာခဲ့သည်။ 

၂၀၀၃ ခုနှစ် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပခဲ့သည့် (၂၂)ကြိမ်မြောက် ပြိုင်ပွဲတွင် အရှေ့တီမောကို အဖွဲ့ဝင်အဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်ပေးခဲ့သည်။

အထိမ်းအမှတ်တံဆိပ်

မူလအထိမ်းအမှတ်တံဆိပ်မှာ ကွင်း(၆)ကွင်းဖြစ်ပြီး (၆)နိုင်ငံဖြစ်သော ထိုင်း၊ မြန်မာ၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ကို ကိုယ်စားပြုပြီး ၁၉၉၇ ခုနှစ် ပြိုင်ပွဲအထိ အသုံးပြုခဲ့သည်။ ၁၉၉၉ ခုနှစ် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နိုင်ငံ(၁၀)နိုင်ငံကို ကိုယ်စားပြုသော ကွင်း (၁၀)ကွင်းကို စတင်အသုံးပြုခဲ့ပြီး ၂၀၁၁ ခုနှစ်ပြိုင်ပွဲတွင် ကွင်း(၁၁)ကွင်းတံဆိပ်ကို စတင် အသုံးပြုခဲ့သည်။

ရည်ရွယ်ချက်နှင့် လုပ်ငန်းတာ၀န်များ

(Charter and Rules as at 30 May,2010)

၁။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ ပုံမှန်ကျင်းပနိုင်ရေးအတွက် တာ၀န်ယူရမည်။

၂။ ပြိုင်ပွဲများကို အိုလံပစ်အားကစားပြိုင်ပွဲများနှင့်အညီ ကြီးကျယ်မြင့်မြတ်သော သမိုင်းမှတ်တိုင်များ မြင့်မားသော ရည်ရွယ်ချက်များဖြင့် ကျင်းပဆောင်ရွက်သွားရမည်။

၃။ ပြိုင်ပွဲများကို အခြေခံအားဖြင့် အပျော်တမ်းအားကစားအသွင်ဖြင့် အောက်ပါရည်ရွယ်ချက်များနှင့်အညီ ကျင်းပသွားနိုင်ရေးအတွက် လမ်းညွှန်ကြီးကြပ်အားပေး ဆောင်ရွက်သွား ရမည်-

   (က)  အားကစား၏ အခြေခံချက်များဖြစ်သော ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ အရည်အသွေးများ တိုးပွားတိုးတက်မြင့်မားလာစေရေးအတွက် မြှင့်တင်ဆောင်ရွက်ပေးခြင်း။

   ( ခ ) လူငယ်ထုအတွင်း တစ်ဦးနှင့်တစ်ဦး နားလည်မှု ပိုမိုကောင်းမွန်လာစေပြီး၊ ပိုမို ချစ်ကြည်ရင်နှီးလာစေကာ ငြိမ်းချမ်းသာယာသော ကမ္ဘာ့ကြီးတည်ဆောက်သွားစေရေးအတွက်             ပညာပေးဆောင်ရွက်ပေးခြင်း။

   ( ဂ )  အရှေ့တောင်အာရှဒေသနိုင်ငံများအတွင်း ချစ်ကြည်ရင်းနှီးမှုများ ဖန်တီးနိုင်စေရေးအတွက် အိုလံပစ်အခြေခံမူများ ဒေသအတွင်း ပြန့်နှံအောင် ဆောင်ရွက်ပေးခြင်း။

   (ဃ) (၂)နှစ်တစ်ကြိမ် ကျင်းပပြုလုပ်လျက်ရှိသော အားကစားပြိုင်ပွဲသို့ အရှေ့တောင်အာရှဒေသတွင်းမှ အားကစားသမားများ အတူတကွစုရုံးရောက်ရှိအောင် ဆောင်ရွက်ပေးခြင်း။ 

အရှေ့အောင်အာရှအားကစားပြိုင်ပွဲအဖွဲ့ချုပ် (SEAGF) နှင့်ပတ်သက်သောအဖွဲ့အစည်းများ

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ စနစ်တကျကျင်းပနိုင်ရေး အဆင့်မြင့်ဆုံး ဆုံးဖြတ်အတည်ပြုခွင့်ရှိသည့် အဖွဲ့အစည်းဖြစ်ပါသည်။ အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပပေးမည့် အမျိုးသားအိုလံပစ်ကော်မတီအဖွဲ့ချုပ်ကောင်စီ ဥက္ကဌအဖြစ် တာ၀န်ယူပြီး ဖွဲ့စည်းရသည်။ (SEAGF)အဖွဲ့၀င်နိုင်ငံ (၁၁)နိုင်ငံတို့၏  အမျိုးသားအိုလံပစ်ကော်မတီများမှ ကိုယ်စားလှယ် (၃)ဦး ဖွဲ့စည်းတာ၀န်ပေးရသည်။ (SEAGF) ကောင်စီအစည်းအဝေးကို အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ကျင်းပရန် ပြင်ဆင်နေဆဲ ကာလအတွင်း အနည်းဆုံး(၃)ကြိမ် (ပြိုင်ပွဲ မတိုင်မီ တစ်နှစ်ခွဲအလို (၁)ကြိမ်၊ (၈)လခန့်အလို (၁)ကြိမ်၊ ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား မစတင်မီ (၁)ကြိမ် ခေါ်ယူရန် လိုအပ်ပါသည်။ အရေးပေါ်ကောင်စီအစည်းအဝေးများကို ကျင်းပနိုင်ပါသည်။

Loading