အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အိုလံပစ်အားကစားပြိုင်ပွဲ

အိုလံပစ်အားကစားပြိုင်ပွဲသည် အပြည်ဆိုင်ဆိုင်ရာမှ ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားနည်းမျိုးစုံပါဝင်သည့် အားကစားပြိုင်ပွဲကြီး တစ်ခုဖြစ်သည်။ အိုလံပစ်အားကစားပွဲအား ဂရိ လူမျိုးတို့၏ မူလပထမ ရှေးဟောင်း အိုလံပစ်ပွဲနှင့် ဒုတိယတစ်မျိုးမှာ နိုင်ငံတကာမှ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ခေတ်သစ်အိုလံပစ် အားကစားပြိုင်ပွဲတို့ ဖြစ်ကြသည်။ ပထမဆုံးခေတ်သစ် အိုလံပစ်ပွဲအား ၁၈၉၆ ခုနှစ်တွင် ဂရိနိုင်ငံ အေသင်မြို့တွင် စတင်ကျင်းပခဲ့သည်။ ခေတ်သစ် အိုလံပစ်အားကစားပြိုင်ပွဲတွင် နွေရာသီအိုလံပစ်နှင့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတို့ ပါဝင်သည်။ Paralympic နှင့် လူငယ်အိုလံပစ်ပြိုင်ပွဲများသည်လည်း ခေတ်သစ်အိုလံပစ်ပြိုင်ပွဲများ၏ တစိတ်တဒေသအဖြစ် ကျင်းပကြသည်။

အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (I.O.C) အား ၁၈၉၄ ခုနှစ်တွင် ပြင်သစ်လူမျိုး ဗဲရွန်ဘွဲ့ရ ပီယဲကူဗာတင် (Baron de Coubertin) က စတင်တည်ထောင်ခဲ့သည်။ သူ၏ အမြင်မှာ ကမ္ဘာတစ်ဝှမ်းရှိ အပျော်တမ်း အားကစားသမားများအား ပြိုင်ပွဲအမျိုးမျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ကြစေရန်ဖြစ်သည်။  အပျော်တမ်း  အားကစားသမားများအား ယှဉ်ပြိုင်စေခြင်းမှာ စပွန်ဆာများ၏ ဖိအားမှကင်းလွတ်၍လည်းကောင်း နိုင်ငံရေးဖိအားများမှ ကင်းလွတ်၍ သန့်ရှင်းသောအားကစားနည်းများ ပိုမိုတိုးတက်လာစေရန်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံအသီးသီးမှ အားကစားနည်းများအားလည်း ထည့်သွင်းကျင်းပလာခြင်းဖြင့် အားကစားနည်းများစွာလည်း ပါဝင်လာသည်။ အိုလံပစ်ပွဲတော်ကြီးသည် နိုင်ငံရေး ဆန္ဒပြမှုများ၊ တားမြစ်ဆေးသုံးစွဲမှုများ၊ အကြမ်းဖက်ခြင်းများစသည့် စိန်ခေါ်မှုများစွာအား ရင်ဆိုင်ခဲ့ရသည်။ သို့သော် ကူဗာတင်၏ လက်ထက်မှစ၍ ထိုစိန်ခေါ်မှုများအား အရှုံးမပေးပဲ ဖြေရှင်းလာကာ ယခုအချိန်ထိ အိုလံပစ်ကော်မတီသည် ရှင်သန်ဖွံ့ဖြိုးနေဆဲဖြစ်သည်။ ၁၉ ရာစု နှောင်းပိုင်းနှင့် ၂၀ ရာစုအစမှစတင်ကာ အားကစားနည်းကိုယ်စားပြု သင်္ကေတများနှင့် ဆောင်ပုဒ်၊ စာတန်းများအား ထည့်သွင်းအသုံးပြုလာခဲ့ကြသည်။ ရိုးရာယဉ်ကျေးမှုများကိုလည်း ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများတွင် ပြိုင်ပွဲကျင်းပသည့် အိမ်ရှင်နိုင်ငံများမှ ဖော်ထုတ် တင်ဆက်ကြသည်။

အိုလံပစ်အားကစားပြိုင်ပွဲကျင်းပပြုလုပ်ရန်လုပ်ငန်းအဆင့်ဆင့်

(၉) နှစ် ပြိုင်ပွဲကျင်းပရန် (၉) နှစ်အလိုတွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီမှ အမျိုးသား အိုလံပစ်ကော်မတီများသို့ ဆန္ဒသဘောထားပေးရန် ဖိတ်စာများ ပေးပို့ပါသည်။

(၈) နှစ်ခွဲ အမျိုးသားအိုလံပစ်ကော်မတီများ အနေဖြင့် မိမိတို့ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရန် ဆန္ဒရှိသည့် မြို့တော်အမည်နှင့်အတူ စာရင်းပေးသွင်းရသည်။

(၈) နှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ၊ အလုပ်အမှုဆောင်အဖွဲ့မှ စာရင်းပေးသွင်းလာသော အဆိုပြုချက် လျှောက်လွှာများကို လက်ခံသည်။

နွေရာသီအိုလံပစ်အားကစားပြိုင်ပွဲများ ကျင်းပရာတွင် အားကစားနည်း အနည်းဆုံး(၁၅)နည်း ပါ၀င်ရမည်ဖြစ်ပြီး၊ ဆောင်းရာသီအိုလံပစ်အားကစား ပြိုင်ပွဲများအတွက်မူ ကန့်သတ်ချက် မထားရှိသော်လည်း ကျင်းပမည့် အားကစားနည်းများအနေဖြင့် ဆီးနှင်း (သို့မဟုတ်) ရေခဲပြင်ပေါ်တွင် ကျင်းပမည့် အားကစားနည်းများဖြစ်ရန် လိုအပ်သည်။

ယခုအခါတွင် နွေရာသီအိုလံပစ်အားကစားပြိုင်ပွဲများအတွက် အားကစားနည်း(၃၃)နည်းအထိ ထည့်သွင်းကျင်းပလျက်ရှိပြီး၊ ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲများအတွက် အားကစားနည်း(၇)နည်း ထည့်သွင်းကျင်းပလျက်ရှိသည်။

မြန်မာနိုင်ငံမှပါဝင်ယှဉ်ပြိုင်မှု

၁၉၃၆ ခုနှစ် အိုလံပစ်ပြိုင်ပွဲကို မြန်မာနိုင်ငံက ဦးဇော်ဝိတ်သည် အလေးမကစားနည်းဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း သူ့ကျွန်ဘဝ ကျရောက်နေခဲ့သောကြောင့် မြန်မာနိုင်ငံသားအဖြစ် ပါဝင်ခွင့်မရှိပဲ အိန္ဒိယနိုင်ငံသားအဖြစ်သာ ယှဉ်ပြိုင်ခဲ့ရသည်။ ၁၉၄၈ခုနှစ်၊ ဒုတိယကမ္ဘာစစ်အပြီး (၁၄)ကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲကို အင်္ဂလန်တွင် ကျင်းပချိန်မှသာ နိုင်ငံတော်အလံကို လွင့်ထူပြီး အိုလံပစ်ပြိုင်ပွဲတော်တွင် မြန်မာနိုင်ငံအဖြစ် စတင်ယှဉ်ပြိုင်နိုင်ခဲ့သည်။ ၁၉၄၈ခုနှစ်၊ အိုလံပစ်ပြိုင်ပွဲတွင် ပထမဆုံး စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားသမားများမှာ စိန်ဖေ(ပြေးခုန်ပစ်၊ မီတာ၁ဝဝ)၊ မျိုးသန့်၊ စောဟာဒီ (လက်ဝှေ့)၊ ဝင်းမောင်၊ ကျော်ရင် (အလေးမ) တို့ဖြစ်သည်။ မျိုးသန့်(လက်ဝှေ့)သည် First Round တွင် ကနေဒါချန်ပီယံကို အနိုင်ရရှိခဲ့ပြီး အိုလံပစ်ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်သော မြန်မာနိုင်ငံသားတစ်ယောက်၏ ပထမဆုံးနိုင်ပွဲ ဖြစ်ခဲ့သော်လည်း Second Round တွင် ရှုံးနိမ့်ခဲ့သောကြောင့် ဆုမရရှိခဲ့ပေ။ ဒုတိယကမ္ဘာစစ်အပြီး ၁၉၇၆ ခုနှစ် ကနေဒါနိုင်ငံတွင် ကျင်းပသော မွန်ထရီရယ်အိုလံပစ် တစ်ကြိမ်မှလွဲပြီး မြန်မာနိုင်ငံက အိုလံပစ်ပြိုင်ပွဲများသို့ ပုံမှန်ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့သည်။

Loading