အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းအတွင်းရှိ အားကစားအိပ်ဆောင်နှင့် ပွဲကြည့်စင်များတည်ဆောက်ပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေး
ရန်ကုန်၊ နိုဝင်ဘာလ(၁)ရက်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နေ့လယ် (၂)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းသို့ ရောက်ရှိလာ၍ ပဒေသာအားကစားကွင်း(၄)ထပ်အားကစားသမားအိပ်ဆောင်နှင့် အားကစားနည်းအလိုက် လေ့ကျင့်ရေးစခန်း တည်ဆောက်ထားမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ်အားကစားလေ့ကျင့်ရေးစခန်း ဖွင့်လှစ်နိုင်မည့်အခြေအနေများနှင့် အားကစားသမားများ ထားရှိမည့် အိပ်ဆောင် ၊ လေ့ကျင့်နိုင်မှုအခြေအနေ ၊ ထမင်းစားဆောင်၊ မီးဖိုဆောင်သစ် တည်ဆောက်နိုင်ရေးတို့အား ကြည့်ရှုစစ်ဆေးပြီး လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပရိသတ် (၁၂၀၀)ဆံ့ အရှေ့ဘက်ပွဲကြည့်စင် တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ပဒေသာအားကစားကွင်းအတွင်းရှိ အားကစားရုံကြမ်းခင်း ပြုပြင်တည်ဆောက်ပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေး၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းအားကစားပြိုင်ပွဲများ စနစ်တကျကျင်းပနိုင်ရေး ၊ ရန်ကုန်တိုင်း အားကစားအသင်းများ စခန်းသွင်းလေ့ကျင့်နိုင်ရေး ကိစ္စရပ်များကို အသေးစိတ်မှာကြားခဲ့ပြီးနောက် ပဒေသာအားကစားကွင်း ပြေးလမ်း ရေရှည်တည်တံ့အသုံးပြုနိုင်ရေး၊ ဘောလုံးကွင်းကောင်းမွန်စေရေးကိစ္စရပ်များနှင့် မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ်အားကစားလေ့ကျင့်ရေးစခန်း အောင်မြင်စွာ စည်းကမ်းတကျဖွင့်လှစ်နိုင်ရေးတို့အား အသေးစိတ်မှာကြားခဲ့ပြီးနောက် လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။




