အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကျင်းပ

နေပြည်တော်၊ မတ်(၇)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)ကို ယနေ့ နံနက် (၉)နာရီခွဲတွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း၊ လုပ်ငန်း ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက Online စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာမြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး‌ဒေါက်တာစိုးဝင်းကအဖွင့်အမှာစကားပြောကြားရာတွင် လူငယ်ဖွံ့ဖြိုး ရေးဆိုင်ရာကဏ္ဍ(၁၆)ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေး ဝန်ကြီး ဌာနများ၊ ပြည်နယ်/တိုင်းဒေသကြီးများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ပါကြောင်း၊ နိုင်ငံတော်၏ အဖိုးတန်လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးကိစ္စရပ်များ နှင့်ပတ်သက်၍ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်များနှင့်အညီ ရေတို/ရေရှည်စီမံကိန်းများရေးဆွဲ၍ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ထိ လုပ်ငန်းလမ်းညွှန်ချက်များချမှတ်ကာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများနှင့် လူငယ် စကားဝိုင်းများကို ပြုလုပ်ဆောင်ရွက်လျက်ရှိရာ လူငယ်ကဏ္ဍ(၁၆)ရပ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ လူငယ်များ အတွေးအခေါ်မှန်ကန်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်နှင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနားလည်စေရန်အတွက်  စာအုပ်စာပေများ ပိုမိုဖတ်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ တိုင်းချစ်ပြည်ချစ်စိတ်နှင့် မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာစေရန်၊ အများအကျိုးသယ်ပိုးဆောင်ရွက်လိုစိတ်၊ တာဝန်ယူမှု/ တာဝန်ခံမှုစိတ်များရှိလာစေရန် နည်းပေးလမ်းညွှန်ပြသပေးရန်လိုကြောင်း၊ လေ့လာသင်ယူထားမှု များကိုလည်း လက်တွေ့လိုက်နာကျင့်သုံးနိုင်စေရန် ပြုစုပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ ကျန်းမာ ကြံ့ခိုင်ပြီး အားကစားထူးချွန်သော နိုင်ငံတော်ကအားထားရသည့် လူတော်လူကောင်းများဖြစ်လာ စေရန် ဝိုင်းဝန်းပြုစုပျိုးထောင်ပေးရန်လိုကြောင်း၊ နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍လည်း နိုင်ငံခြားတိုင်းပြည်များတွင် လူငယ်တွေ့ဆုံပွဲများ၊ ဆွေးနွေးပွဲများ၊ ဓါတ်ပုံ/ဗွီဒီယိုပြိုင်ပွဲများ စေလွှတ် ပေးလျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲနှင့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများကို အိမ်ရှင်နိုင်ငံအဖြစ်ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း၊ နိုင်ငံတကာအဆင့်မီ လူငယ်လူရွယ်များဖြစ်လာစေရန် အားလုံး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ် လူငယ်/လူရွယ်များသာမက ပညာ ဆက်လက်သင်ယူနိုင်ခြင်းမရှိသည့် ကျောင်းပြင်ပနေ လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ကဏ္ဍ အလိုက် နွေရာသီသင်တန်းများ ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်း လူငယ်များအတွက် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး များ၌ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ခြင်းနှင့် အားကစားသင်တန်းများ အပါအဝင် ကဏ္ဍအလိုက် လူငယ်ဘက်စုံဖွံ့ဖြိုးရေးသင်တန်းများ ဖွင့်လှစ်သွားကြရန် တိုက်တွန်းပြောကြား ခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လူငယ်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးနေဝင်းက လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်အလိုက်ဆောင်ရွက်မည့် အစီအစဉ်များ၊ အသိပညာပေးဟောပြောပွဲ နှင့် လူငယ်စကားဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့မှုများ၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ခဲ့မှု အခြေအနေများ၊ အားကစားပြိုင်ပွဲကျင်းပခဲ့မှုအခြေအနေများ၊ နွေရာသီသင်တန်းများနှင့်ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြခဲ့မှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။