အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ

တောင်ကြီး စက်တင်ဘာလ(၅)ရက်။

ပညာရေးဝန်ကြီးဌာန၊ တောင်ကြီးတက္ကသိုလ်၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို စက်တင်ဘာ(၄)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

လူငယ်စကားဝိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လူငယ်ဖွံ့ဖြိုးရေးတို့ကို စဥ်ဆက်မပြတ်ပြုလုပ်သွားရန်လိုအပ်ပါကြောင်း၊ လူငယ်များကိုအနာဂတ်မှာ နိုင်ငံ့သားကောင်းများ ဖြစ်လာစေရေးနှင့် လူတစ်လုံးသူ တစ်လုံးဖြစ်လာစေရေးတို့မှာ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသည့် ဗလငါးတန်ဖွံ့ဖြိုးရေးကို ခေတ်အဆက်ဆက်တွင် အစိုးရအသီးသီးတို့က မူဝါဒများချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံသားတို့သည် နိုင်ငံကိုဖန်တီးတည်ဆောက်သူများဖြစ်ကြသည့်အတွက် ဖန်တီးတည်ဆောက်မူတည်ပြီး နိုင်ငံအရည်အသွေးမြင့်မားလာမည်ဖြစ်ကြောင်း၊နိုင်ငံကောင်းရန်အတွက် နိုင်ငံသားများကောင်းဖို့လိုအပ်မှုဖြစ်သည့်အတွက် အရေးကြီးဆုံးမှာ အသိဉာဏ်အမြော်အမြင်ပြည့်စုံရန်ဖြစ်ပါကြောင်း၊ အသိပညာဗဟုသုတပြည့်စုံပြီး ကောင်းကျိုးဆိုးပြစ်တို့ကိုဝေဖန်ပိုင်းခြားနိုင်သည့် အသိဉာဏ်များမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာအောင် လူငယ်မောင်မယ်များကြိုးစားကြရန်ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်ကတိုင်းပြည်၏အနာဂတ်အတွက် လူငယ်များ၏အရေးပါမှုကို ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်၊ ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစီးညွန့်ရွှေကလူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြကြကြောင်းသိရသည်။

ထို့နောက်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးမည့်သူများ နေရာယူကြပြီး မိတ်ဆက်ကြရာ မဖူးသစ်ချို၊ ရုက္ခဗေဒအထူးပြု၊ ဒုတိယနှစ်မှ လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မယမင်းရွှေစင်၊ ဥပဒေပညာအထူးပြု၊ ဒုတိယနှစ်မှ လူငယ်နှင့်ကျန်းမာရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ ခွန်ဝေယံထွန်း၊ အင်္ဂလိပ်စာအထူးပြု၊ ဒုတိယနှစ်၊ လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း၊ မခင်နှင်းဝေ၊ ပထဝီဝင်အထူးပြု၊ တတိယနှစ် လူငယ်နှင့်စာရိတ္တခေါင်းဖြင့်လည်းကောင်း၊ မထက်ထက်ကျော်၊ဥပဒေပညာအထူးပြု၊ ဒုတိယနှစ်၊ လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဥ်ဖြင့်လည်းကောင်း၊ မယွန်းရတီမျိုးကျော်၊ဘူမိဗေဒအထူးပြု၊ ဒုတိယနှစ်လူငယ်နှင့်နည်းပညာခေါင်းစဥ်ဖြင့်လည်းကောင်း၊ မတွယ်တာလင်းထွန်း၊ အင်္ဂလိပ်စာအထူးပြု၊ ဒုတိယနှစ်လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဥ်ဖြင့် ဆွေးနွေးကြသည်။

၎င်းနောက်စကားဝိုင်းဆွေးနွေးခြင်းနှင့်မေးခွန်းများကို မအေးမိုးငြိမ်း၊ သတ္တဗေဒအထူးပြု၊ ဒုတိယနှစ်မခင်မိုးမြင့်၊ ဓာတုဗေဒအထူးပြု၊ ပထမနှစ်ဂုဏ်ထူးတန်း၊ မောင်ခိုင်နေထက်၊ ဘူမိဗေဒအထူးပြု၊ ပထမနှစ်ဂုဏ်ထူးတန်း၊ မောင်ဇော်ဝဏ္ဏထွန်း၊ပထဝီဝင်အထူးပြု၊ ပထမနှစ်၊ မောင်ဝဏ္ဏထွန်း၊ ရုက္ခဗေဒအထူးပြု၊ ဒုတိယနှစ်၊ နန်းမိုးသဲ၊ သတ္တဗေဒအထူးပြု၊ ဒုတိယနှစ်၊ မသင်းမြတ်နွယ်၊ ဒဿနိကဗေဒအထူးပြု၊ ဒုတိယနှစ်တို့မှ ဆွေးနွေးသွားသည့် ခေါင်းစဉ်များကို မေးမြန်းဆွေးနွေးကြကြောင်းသိရသည်။

ယင်းနောက်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးက စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသွားကြသူများအား လက်ဆောင်ပစ္စည်ပေးအပ်၍ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင် ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေတို့ကို ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူးအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်ကတောင်ကြီးတက္ကသိုလ်သို့ အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ရာတောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာကေသီသင်မှလက်ခံရယူပြီးကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်းသိရှိရသည်။