အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U-16(အမျိုးသား) ဘောလုံးပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန် လူတွေ့စစ်ဆေးခြင်း၊ ပွဲစဉ်ဇယားရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ အောက်တိုဘာ(၁၈)။

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U-16(အမျိုးသား)ဘောလုံးပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန် လူတွေ့စစ်ဆေးခြင်း၊ ပွဲစဉ်ဇယားရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး တက်ရောက်အမှာ စကားပြောကြားခဲ့ပါသည်။

ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ ကျန်းမာကြံ့ခိုင်သော လူငယ်/လူရွယ်များပေါ်ထွက်လာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ မျိုးဆက်သစ် လူငယ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ထူးချွန်ထက်မြက်သော ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ ယခုပြိုင်ပွဲအား ကျင်းပ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲအား သတ်မှတ်ထားသည့် ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းနှင့်အညီ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းနှင့်မကိုက်ညီသော အားကစားသမားများ ခေါ်ဆောင်လာသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများကိုလည်း ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အလားအလာရှိပြီး ထူးချွန်ထက်မြက်သည့် ရွက်ပုန်းသီး မျိုးဆက်သစ် အားကစားသမားများအား လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)တွင် ရွေးချယ်၍ လေ့ကျင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆုကြေးငွေအဖြစ် ပထမဆု ကျပ်(၃၀)သိန်း၊ ဒုတိယဆု ကျပ်(၂၀)သိန်း၊ တတိယဆု ကျပ်(၁၅)သိန်းနှင့် စတုတ္ထဆုကျပ်(၁၀)သိန်း၊ အကောင်းဆုံးအားကစားသမားဆုအား တစ်ဆုလျှင် ကျပ်(၂)သိန်းနှင့် ပွဲစဉ်တလျှောက် အကောင်းဆုံးအားကစားသမားဆုအား ကျပ်(၃)သိန်း ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူနည်းပြများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ပြိုင်ပွဲဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများအနေဖြင့် အားကစားလေ့ကျင့်ရေးစခန်းတွင် လာရောက်တည်းခိုနေထိုင်စဉ်ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များကိုလည်း လိုက်နာဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ-၁၊ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်မှ ပြိုင်ပွဲဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ စီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်မှ သုတေသနစာတမ်းများ ပြုလုပ်ရန်အတွက် ကစားသမားများကို စစ်တမ်းကောက်ယူမေးမြန်းရာတွင် မှန်မှန်ကန်ကန်ဖြည့်စွက်ရန် မှာကြားထားပြီး အကြံပြုဆွေးနွေးတင်ပြချက်များကို ပြည့်စုံအောင်ရေးသားပေးကြရန်လိုကြောင်း၊ ပြောကြားခဲ့ပြီးနောက် အားကစားဆေးဘက်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦးမှ Covid – ၁၉ ရောဂါမဖြစ်အောင် ဂရုစိုက်နေထိုင်သွားလာကြရန်၊ ကျန်းမာရေးနှင့်ပတ်သက်ပြီး အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူမှ ပြိုင်ပွဲနှင့်ပတ်သက်သည့် ပြောင်းလဲနေသော စည်းမျဉ်း/စည်းကမ်းများ၊ ဥပဒေ၊ နည်းဥပဒေများ၊ အရေးယူမှုအပိုင်းများကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ သွားလာနေထိုင်စားသောက်မှု၊ လေ့ကျင့်မှုဆိုင်ရာကိစ္စများနှင့်ပတ်သက်ပြီး တာဝန်ရှိသူများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အုပ်ချုပ်သူ/ နည်းပြများမှ ပြိုင်ပွဲဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး အသီးသီးဆွေးနွေးတင်ပြခဲ့ကြရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အုပ်စုမဲနှိုက်ခြင်းနှင့် ပွဲစဉ်ဇယားရေးဆွဲခြင်းပြုလုပ်၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ အခမ်းအနားကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများ၊ ပြိုင်ပွဲဝင်အသင်း(၁၃)သင်း၊ ပြိုင်ပွဲဝင်အင်အား (၂၉၇)ဦး တက်ရောက်ခဲ့ပြီး အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို (၂၀.၁၀.၂၀၂၂) ရက်နေ့နေ့မှစ၍ (၃.၁၁.၂၀၂၂)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်(၃)တို့တွင် ကျင်းပပြုလုပ်သွာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။