![]()
၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ ဇူလိုင် ၁
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံး အဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် “၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ” ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းမောင်၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးတင်ဦးလွင်၊ ဦးမြင့်ကြိုင်၊ ဦးမောင်မြင့်၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှတာဝန်ရှိသူများ၊ ဝန်ကြီးဌာနကိုယ်စားပြု ပြိုင်ပွဲဝင်အသင်း များမှ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။
ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိလာစေရေး၊ မြန်မာ့ရိုးရာခြင်းလုံးခတ်ကစားခြင်းကို ပြည်သူလူထုအတွင်း တစ်နှစ်ထက်တစ်နှစ် စိမ့်ဝင်တိုးတက်လာစေပြီး “ခြင်းလုံးအစ မြန်မာက” ဆိုသည့် ဆိုရိုးစကားအရ ကမ္ဘာသို့တိုင်အောင် ဖော်ဆောင်နိုင်ရေး၊ မြန်မာ့ရိုးရာခြင်းလုံးအားကစားဖွံ့ဖြိုးတိုးတက်လာစေရေး၊ မျိုးဆက်သစ်ရွက်ပုန်းသီးအားကစားသမားများပေါ်ထွက်လာစေရေးနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ် တစ်ရပ်အဖြစ် ထိန်းသိမ်းမြှင့်တင်ပြီး မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်လာစေရေးတို့အတွက် ရည်ရွယ်၍ ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲများကို ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်းသည် မြန်မာ့တို့၏ ရှေးမြန်မာဘုရင်မင်းများလက်ထက်မှစ၍ ခေတ်အဆက် ဆက် တန်ဖိုးထား လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့သည့် မြန်မာ့ရိုးရာအားကစားနည်းဖြစ်ပါကြောင်း၊ ရိုးရာခြင်းလုံးခတ်ကစားခြင်းသည် မြန်မာ့ယဉ်ကျေးမှုကို အခြေခံသည့် ရိုးရာအားကစားနည်းဖြစ်သည့် အပြင် အားကစားကွင်းဧရိယာ အကျယ်အဝန်းကျဉ်းကျဉ်းတွင် ကုန်ကျ စရိတ် နည်းနည်းဖြင့် လွယ်ကူစွာ ကစားနိုင်ခြင်း၊ တစ်ဦးတစ်ယောက်တည်းသာမက စုပေါင်းဝိုင်းဖွဲ့၍ အသက်အရွယ်မရွေးကစားနိုင်ပြီး ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသည့် အားကစားနည်းတစ်ခုလည်းဖြစ်ပါကြောင်း၊ ရိုးရာခြင်းလုံး ခတ်ကစားနည်း၏ ဆောင်ပုဒ်ဖြစ်သော “အပေးအယူ ချစ်ကြည်ဖြူ ခြင်းမူစာဂ မျှစိတ္တ” ဆိုသည့် အတိုင်း ခြင်းလုံးအားကစားနည်းသည် မိမိတစ်ဦးတည်း တစ်ကိုယ်ကောင်ဆန်ဆန်မကစားရဘဲ ခြင်းဝိုင်း အတွင်း တစ်ဦးနှင့်တစ်ဦး အပေးအယူညီမျှသည့်စိတ်၊ ချစ်ခင်ကြည်ဖြူသည့်စိတ်၊ တရားမျှတသည့် စိတ်များ မွေးမြူဖော်ဆောင်ပြီး ကစားရသည့်အတွက် မြန်မာ့စရိုက်၊ မြန်မာ့အကြိုက်နှင့် ကိုက်ညီသည့် အားကစားနည်းဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းအနေဖြင့် နိုင်ငံတကာအားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ် ၁၈ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၂ ခု၊ စုစုပေါင်း ဆုတံဆိပ် ၂၄ ခုကို နိုင်ငံတော်အတွက် ဆွတ်ခူးရယူပေးနိုင်ခဲ့ပါကြောင်း၊ လာမည့်နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုဆုတံဆိပ်များ ထပ်မံဆွတ်ခူးရယူပေးနိုင်ရန် အဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် အားကစား သမားများက ဆထက်ထမ်းပိုး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် ယခုပြိုင်ပွဲမှတဆင့် ချစ်ကြည်ပူးပေါင်းမှုရရှိပြီး ပြည်ထောင်စုစိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ် ရှင်သန်ထက်မြက်စေရေး၊ မြန်မာ့ရိုးရာ အမွေအနှစ်ကို ဆက်ခံထိန်းသိမ်း၍ ထူးချွန်ထက်မြက်သည့် ရိုးရာခြင်းလုံးအားကစားမောင်/မယ်များ ပေါ်ပေါက်လာစေရေးတို့အတွက် အစွမ်းကုန် ကြိုးပမ်းယှဉ်ပြိုင်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပြီး “၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ” ကို ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်ပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုခဲ့ပြီး နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ နာယက၊ ဥက္ကဋ္ဌတို့နှင့်အတူ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ ပြိုင်ပွဲဝင်အသင်း(၁၄) သင်းအတွက် တစ်သင်းလျှင် ၁၀ သိန်းစီနှုန်းဖြင့် ငွေကျပ်သိန်း ၁၄၀ ကိုလည်းကောင်း၊ ပြိုင်ပွဲတွင် ပါဝင်ကူညီ အားဖြည့်ပေးခဲ့သည့် အ.ထ.က(၆)မှ ဘင်ခရာအဖွဲ့အတွက် ငွေကျပ် ၃ သိန်းကိုလည်းကောင်း၊ ပြိုင်ပွဲတွင် ဒိုင်လူကြီးတာဝန်ထမ်းဆောင်မည့် ဒိုင်လူကြီးများအတွက် ငွေကျပ် သိန်း ၃၀ တို့ကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်၍ ပြိုင်ပွဲဝင်အသင်းများကို လိုက်လံနှုတ်ဆက်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများသည် ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ၆ ပေါက်တန်း (အမျိုးသား)ပြိုင်ပွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းနှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအသင်း၊ အလုပ်သမားဝန်ကြီးဌာနအသင်းနှင့် သာသနာရေးဝန်ကြီးဌာနအသင်းတို့၏ ယှဉ်ပြိုင်ခတ်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံး(အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ပြိုင်ပွဲကာလ ၆ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၄ သင်း၊ အမျိုးသမီးအသင်း ၆ သင်း၊ စုစုပေါင်း ပြိုင်ပွဲဝင်အင်အား ၂၅၃ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပါ၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။




