![]()
Nay Pyi Taw Amateur & Junior Open Championship ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ မေ ၃၁
မျိုးဆက်သစ်ဂေါက်သီးအားကစားသမားများ၏ လက်ရည်အဆင့်အတန်း တိုးတက်လာစေရန်၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အဆင့်မီစွာ ပါဝင်ယှဉ်ပြိုင်နိုင်စေရန်နှင့် ထူးချွန်ထက်မြက်သည့် အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် Nay Pyi Taw Amateur & Junior Open Championship ဂေါက်သီးရိုက်ပြိုင်ပွဲ တတိယနေ့ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မြို့တော်ဂေါက်ကွင်း၌ ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးကံမြင့်သန်း၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ အားကစားရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူ၊ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးနှင့်တာဝန်ရှိသူများ၊ Junior Golf Mayanmar (JGM)မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအားကျင်းပရာ မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် Junior Golf Myanmar (JGM) အတွင်းရေးမှူး ဦးတင်မောင်မောင်ဝင်းတို့က ပြိုင်ပွဲအားလက်ခံကျင်းပပေးပါသော မြို့တော်ဂေါက်ကွင်း (နေပြည်တော်)အား အမှတ်တရဂုဏ်ပြု လက်ဆောင်ပေးအပ်ခဲ့ရာ ကွင်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးနေဝင်းထွန်းက လက်ခံရယူခဲ့သည်။
ဆက်လက်ပြီး Junior Golf Myanmar (JGM) ဒုတိယဥက္ကဋ္ဌ ဦးဟိန်းထက်ဗိုလ်မှ Junior အဆင့် အသက် (၁၂)နှစ်အောက် သက်တမ်းလိုက်ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၁၈၈ ချက်ဖြင့် ပဉ္စမရရှိသော ကျော်လင်းထွန်း၊ စုစုပေါင်းရိုက်ချက် ၁၈၄ ချက်ဖြင့် စတုတ္ထဆုရရှိသော ရှင်းခန့်ဇော်၊ စုစုပေါင်း ရိုက်ချက် ၁၇၅ ချက်ဖြင့် တတိယဆုရရှိသော ရွှန်းပြည့်အောင်တို့အားလည်းကောင်း၊ စုစုပေါင်း ရိုက်ချက် ၁၇၄ ချက်ဖြင့် ဒုတိယဆုရရှိသော ဘုန်းမြတ်သော်၊ စုစုပေါင်းရိုက်ချက် ၁၇၂ ချက်ဖြင့် ပထမဆုရရှိသော အောင်စိုးထွန်းတို့အားလည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် အမျိုးသမီး ၁၈ နှစ်အောက် သက်တမ်းလိုက်ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၂၄၈ ချက်ဖြင့် ဒုတိယဆုရရှိသော Choi Hui နှင့် စုစုပေါင်းရိုက်ချက် ၂၂၈ ချက်ဖြင့် ပထမဆုရရှိသော ချိုသာအောင်တို့ကို မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် Junior Golf Myanmar (JGM) ဥက္ကဋ္ဌ ဦးအောင်ကိုဇော်တို့ကလည်းကောင်း၊ ဝါသနာရှင်အဆင့် (အမျိုးသား) ပြိုင်ပွဲတွင် ပထမဆုရရှိသော ဟိန်းနိုင်ဇင်ကို ဂုဏ်ပြုချက်လက်မှတ်အား မြန်မာနိုင်ငံ ဂေါက်သီး အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးကလည်းကောင်း၊ အသက် ၁၄ နှစ်အောက် အမျိုးသားသက်တမ်းလိုက်ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၂၆၁ ချက်ဖြင့် ပဉ္စမရရှိသော ဝေယံလင်းဦး၊ စုစုပေါင်းရိုက်ချက် ၂၆၀ ချက်ဖြင့် စတုတ္ထဆုရရှိသော အာကာမင်းမောင်၊ စုစုပေါင်း ရိုက်ချက် ၂၃၆ ချက်ဖြင့် တတိယဆုရရှိသော ဟိန်းသန့်သူ၊ စုစုပေါင်းရိုက်ချက် ၂၃၀ ချက်ဖြင့် ဒုတိယဆုရရှိသော အောင်သန်းထွဋ်၊ စုစုပေါင်းရိုက်ချက် ၂၁၆ ချက်ဖြင့် ပထမဆုရရှိသော ထူးမြတ်အောင်တို့ကို အားကစားရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူက လည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ၁၈ နှစ်အာက်(အမျိုးသား) သက်တမ်းလိုက်ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၂၄၀ချက်ဖြင့် ပဉ္စမဆုရရှိသော နိုင်ဦးကို၊ စုစုပေါင်း ရိုက်ချက် ၂၃၉ ချက်ဖြင့် စတုတ္ထဆုရရှိသော လင်းပြည့်မောင်၊ စုစုပေါင်း ရိုက်ချက် ၂၃၈ ချက်ဖြင့် တတိယဆုရရှိသော ပြည့်စုံအောင်၊ စုစုပေါင်းရိုက်ချက် ၂၃၄ ချက်ဖြင့် ဒုတိယဆုရရှိသော ထက်အောင်ဝင့်၊ စုစုပေါင်းရိုက်ချက် ၂၂၈ ချက်ဖြင့် ပထမရရှိသော ဆက်နိုင်အောင်တို့ကို အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီကလည်းကောင်း၊ ဝါသနာရှင်အဆင့် (အမျိုးသား) သက်တမ်းလိုက်ပြိုင်ပွဲတွင် စုစုပေါင်း ရိုက်ချက် ၂၁၉ ချက်ဖြင့် ဒုတိယဆုရရှိသော စိုးနိုင်အောင်၊ စုစုပေါင်းရိုက်ချက် ၂၁၆ ချက်ဖြင့် ပထမဆုရရှိသော ဟိန်းနိုင်ဇင်တို့ကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးကံမြင့်သန်းက လည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ဂေါက်သီးရိုက် ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် မေလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၃ ရက်ကြာဆက်တိုက် နေပြည်တော်ရှိ မြို့တော်ဂေါက်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲတွင် ဝါသနာရှင်အဆင့် အားကစားသမား ၈၀ ဦး၊ Junior အဆင့် ကစားသမား ၅၀ ဦး၊ စုစုပေါင်း ၁၃၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


