ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအားဂုဏ်ပြုပွဲ အခမ်းအနားသို့တက်ရောက်
ရန်ကုန်၊ ဩဂုတ်လ ၂၄ ရက်
ဗီယက်နမ်နိုင်ငံတွင် ဩဂုတ်လ(၆)ရက်နေ့မှ (၁၉) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ ည(၁၉ : ၀၀)နာရီအချိန်တွင် ရန်ကုန်မြို့ ၊ Novotel Hotel Max ရှိ ပြည်ခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ချုပ်အမှုဆောင်များ၊ ကလပ်အသင်းပိုင်ရှင်များ၊ အလှူရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ နှင့် ဆုရ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဂုဏ်ပြုပွဲတွင် ပြိုင်ပွဲဝင်ကစားသမားများအား မိတ်ဆက်၍ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း၏ ပွဲစဉ်တစ်လျှောက် ယှဉ်ပြိုင်ခဲ့မှု ရုပ်သံမှတ်တမ်းအား ကြည့်ရှုအားပေး ပြီးနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင် က ဂုဏ်ပြုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် မြန်မာအမျိုးသမီးဘောလုံးအသင်းအနေဖြင့် ဒုတိယ ဆုရယူပေးနိုင်ခဲ့ခြင်းဟာ နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင် ပေးရာရောက်သည့်အတွက် အုပ်ချုပ်သူများ/နည်းပြများ အပါအဝင် ပြိုင်ပွဲဝင်အားကစားသမားများ အားလုံးရဲ့ ကြိုးပမ်းမှု ဇွဲ၊ စိတ်ဓာတ်တို့ကို ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်အနေဖြင့် တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးလုပ်ငန်းများကို တွန်းအားပေးဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပြီး ယခုလိုအောင်မြင်မှုရရှိကြတဲ့ အားကစားသမားတွေကို နိုင်ငံတော်အနေနဲ့ ထိုက်ထိုက် တန်တန်ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိပါကြောင်း၊ လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာလည်း မြန်မာအမျိုးသမီးဘောလုံးအသင်း အောင်မြင်မှု ချန်ပီယံဆုရယူပြီး ထိုင်းနိုင်ငံမှာ နိုင်ငံတော်သီချင်းနှင့်အတူ အမိမြန်မာနိုင်ငံတော်ရဲ့ အလံကို အလံတိုင်ထိပ်အထိ လွှင့်ထူ နိုင်အောင် ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတကာပြိုင်ပွဲများမှာ အောင်မြင်မှုများ ယခုထက်ပိုမို ရရှိပြီး အားကစားဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်ပြီး အရှေ့တောင်အာရှအဆင့်မှသည် အာရှအဆင့် ၊ ကမ္ဘာ့ အဆင့်ထိ ထိုးဖောက်နိုင်အောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ မှ ပေးပို့ချီးမြှင့် သော အမေရိကန်ဒေါ်လာ ၈၀၀၀၀ အား ပြည်ထောင်စုဝန်ကြီးမှ ပေးအပ်ချီးမြှင့်ရာ နည်းပြချုပ်နှင့် ကစားသမားများက လက်ခံရယူခဲ့ပါသည်။
ယင်းနောက်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အလှူရှင်များမှ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပြီးနောက် ချီးမြှင့်ပေးခဲ့သော အလှူရှင်များ၏ ဂုဏ်ပြုချီးမြှင့်ငွေစုစုပေါင်း (၈၆၃,၀၀၀,၀၀၀)အား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌတို့မှချီးမြှင့်ပေးအပ်ရာ မြန်မာ့ လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းမှ လက်ခံရယူခဲ့ပါသည်။
ထို့နောက် ပြိုင်ပွဲ၏ဂိုးသွင်းအများဆုံးဆုရ ဝင်းသိင်္ဂီထွန်းမှလည်း Video Clip ဖြင့် ကျေးဇူးတင် စကားပြောကြားခဲ့ကြပြီး မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း ကိုယ်စား အသင်းခေါင်းဆောင် ခင်မာလာထွန်းမှ ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာသူများနှင့် အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရှိရသည်။







