အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး
ရန်ကုန်၊ မတ်လ(၇)ရက်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှည်းကူးမြို့နယ်၊ လှည်းကူးအားကစားကွင်းသို့ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူတို့က ကြိုဆိုကြပြီး နွေရာသီဘောလုံး၊ ပြေးခုန်ပစ်၊ သိုင်းနှင့်ဘတ်စကက်ဘော အားကစားသင်တန်း တက်ရောက်နေသော သင်တန်းသား/သင်တန်းသူများ၊ လှည်းကူးမြို့နယ် U-18 ဘောလုံးအသင်း လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး အားကစားနည်းအလိုက် အခြေခံနည်းစနစ်ကောင်းမွန်စေရန်၊ နည်းစနစ် မှန်ကန်စေရန်၊ ကြံ့ခိုင်မှုနှင့် သက်လုံကောင်းမွန်စေရန် မှာကြား၍ ဘောလုံးကွင်း၊ ပြေးခုန်ပစ် ပြေးလမ်း မိုးလုံလေလုံအားကစားရုံတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်ခရိုင် သီဟဒီပအားကစားကွင်းသို့ ရောက်ရှိရာ တိုက်ကွမ်ဒိုအားကစားခန်းမ၊ရေကူးကန်တို့၌ နွေရာသီအားကစားသင်တန်း သင်တန်းသား/သင်တန်းသူများ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးပြီး အားကစားရုံအပြီးသတ် ဆောက်လုပ်ရန်၊ ရေကူးကန်ရေသန့်ရေး ထိန်းသိမ်းဆောင်ရွက်ရန်၊ ဘောလုံးကွင်းအား မြက်ခင်းပြင် စိမ်းစိုလန်းဆန်းရှိစေရေး သတ်မှတ်ကာလအတိုင်း စနစ်တကျ ဆောင်ရွက်ထားရှိရန်၊ ပွဲကြည့်စင်၊ ပြေးလမ်းဆောင်ရွက်ရန်နှင့် လိုအပ်သည်များအား တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် တာမွေမြို့နယ် ကျိုက္ကဆံကွင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဝင်းအတွင်းရှိ ကရာတေးအားကစားရုံ၌ ပဏာမလက်ရွေးစင်အားကစားသမားများ လေ့ကျင့်နေမှုများကိုလည်းကောင်း ၊ GYM လေ့ကျင့်ရေးရုံသို့လည်းကောင်း၊ ရေကူးကန်သို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။





