ဒုတိယအကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီး မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား အသက်(၂၀)နှစ်အောက်အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
ရန်ကုန်၊ ဇူလိုင် ၁၂ရက်။
မြန်မာဘော်လီဘောလူမှုရေးအသင်းအနေဖြင့် မျိုးဆက်သစ်လူငယ်ဘော်လီဘော အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်အတွင်းတွင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်မြို့များနှင့် နေပြည်တော်၊ ၂၀၂၄ ခုနှစ်တွင် ရွှေတောင်၊ ပဲခူးမြို့များတွင် ဘော်လီဘောပြိုင်ပွဲများကျင်းပပေးခဲ့ပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း ပြိုင်ပွဲများဆက်လက်ကျင်းပပေးလျက်ရှိရာ၊ ယခုအခါ ရန်ကုန်မြို့တွင် ၂၀၂၄ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယအကြိမ်မြောက်မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက၊ ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီဌာနမှ တာဝန်ရှိသူများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာဘော်လီဘောလူမှုရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု့အားပေးသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ ပွဲစဉ်တစ်လျှောက် အမျိုးသား၊ အမျိုးသမီးအကောင်းဆုံးအားကစားသမားဆုရရှိသော အားကစားသမားအားလည်းကောင်း၊ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွင် စတုတ္ထဆု၊ တတိယဆု၊ ဒုတိယဆုရရှိသောအသင်းများအားလည်းကောင်း၊ မြန်မာဘော်လီဘောလူမှုရေးအသင်းအမှုဆောင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ပေးခဲ့ကြသည်။
ယင်းနောက် မြန်မာဘော်လီဘောလူမှုရေးအသင်း ဥက္ကဋ္ဌ ဦးရဲနိုင်က ပထမရရှိသော တွံတေးမြို့နယ် အမျိုးသမီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားအား ချီးမြှင့်ပေးသည်။
ထိုနောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုသိန်းကပထမဆုရရှိသော အား/ကာသိပ္ပံ(ရန်ကုန်) အမျိုးသားအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားအားချီးမြှင့်ပေးသည်။
အဆိုပါပြိုင်ပွဲတွင် အမျိုးသားအသင်း ၁၈ သင်း၊ အမျိုးသမီး ၆သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။