အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များနှင့် မြန်မာ့ရိုးရာ လက်ဝှေ့အားကစားသမားများကို တွေ့ဆုံအားပေးစကားပြောကြား

ရန်ကုန်၊ ဇူလိုင်လ(၉)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် ယနေ့ နံနက်(၈)နာရီအချိန်က ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်သို့ ရောက်ရှိရာ ရှေးဦးစွာ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ ဗိုလ်မှူးကြီးမျိုးမြင့်(ငြိမ်း) ကအဖွဲ့ချုပ် ၏ လက်ရှိဆောင်ရွက်ထားရှိမှုအခြေအနေ မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်နေမှုများနှင့် ဇူလိုင်လ (၃၀) ရက်နေ့မှ သြဂုတ်လ (၆)ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဆိုလိုမြို့တွင်ကျင်းပပြုလုပ်မည့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများအား ရှင်းလင်း တင်ပြခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အားကစားသမားများ အခက်အခဲမဖြစ်စေရန်အတွက် ဇူလိုင်လ(၂၆)ရက်နေ့ မြန်မာ့လေကြောင်း စင်လုံးငှားလေယာဉ်ဖြင့်သွားရောက်နိုင်အောင် မြန်မာ့လေကြောင်းလိုင်းဖြင့် ညှိနှိုင်းထားပါကြောင်း၊ ဆေးအဖွဲ့ အင်အားများများပါစေရန်လိုအပ်ပါကြောင်း၊ ပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သော အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ရန်အတွက် စီစဉ်ထားပါကြောင်း၊ အားကစား အောင်မြင် တိုးတက်ရန်အတွက် အဖွဲ့ချုပ်နှင့် ဝန်ကြီးဌာနတို့ အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ယခုသွား ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များ၏လိုအပ်ချက်များ၊ သွားရောက်ယှဉ်ပြိုင်မည့်ကိစ္စရပ်များ၊ ပြန်လည်ရောက်ရှိမည့်ကိစ္စရပ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းအား အဖွဲ့ချုပ်မှကြိုတင်တင်ပြထားရှိရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးချုပ်မှလည်း ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသွားပါသည်။

ယင်းနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရာတွင် ယူဆောင်သွားမည့် အားကစားအထောက်အကူပြုပစ္စည်းများအား ကြည့်ရှုစစ်ဆေးပြီး ဝန်ကြီးချုပ်မှ မြန်မာနိုင်ငံမသန်စွမ်း အားကစားအဖွဲ့ချုပ်သို့ ငွေကျပ် (၁၅)သိန်းအားထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစား အဖွဲ့များအားသွားရောက် တွေ့ဆုံအမှာစကားပြောကြားရာတွင် အားကစားအောင်မြင်တိုးတက်ရန် တစ်ဦးချင်းစီတိုင်းတွင် အားကစားစိတ်ဓါတ်ရှိဖို့လိုအပ်ပါကြောင်း၊ စုပေါင်းညီညွတ်ပြီး နိုင်ငံတော်၏ ဂုဏ်ကိုဆောင်နိုင်အောင် ကြိုးစားဆောင်ရွက်စေလိုပါကြောင်း၊ မသန်စွမ်းပေမယ့် သန်စွမ်းသည့် အားကစားသမားများနည်းတူ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိအားကစားအတွက် ဇွဲ၊ လုံလအပြည့်ဖြင့် နိုင်ငံတကာအလယ်တွင် မြန်မာဟုဂုဏ်ဆောင်နိုင်အောင် ကြိုးစားဆောင်ရွက်ပေးခဲ့သည့် အစဉ်အလာရှိသည့်အတွက် လေးစားချီးကျူးပါကြောင်း၊ ယခုသွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲတွင်လည်း ဆုတံဆိပ်များဆွတ်ခူးရရှိနိုင်အောင် ဆက်လက်ကြိုးစားဆောင်ရွက်သွားစေလိုပါကြောင်း၊ ပြီးခဲ့သည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ကျစ်ကျစ်လစ်လစ် သိပ်သိပ် သည်းသည်း ဖြင့် နောက်ဆုံးအချိန်အထိ မလျှော့သောဇွဲ၊ လုံလဖြင့် အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်မှုများကြောင့် အောင်မြင်မှုများရရှိခဲ့သည်ကို မျက်ဝါးထင်ထင် မြင်တွေ့ရပြီးဖြစ်ပါကြောင်း၊ ပြိုင်ပွဲတွင် ပထမရရှိပြီး မြန်မာနိုင်ငံ၏အလံကို စင်မြင့်အထက်တွင်လွှင့်ထူနိုင်ရန်၊ အမိနိုင်ငံအတွက် အုပ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပြည့်စုံတဲ့လူတွေကဲ့သို့ စွမ်းဆောင်နိုင်သည်ကိုပြသစေလိုပါကြောင်း၊ အားကစား အောင်မြင်မှုများရရှိရန်အတွက် နိုင်ငံတော်မှလည်းကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့အား စင်လုံးငှားလေယာဉ်ဖြင့် တိုက်ရိုက် သွားရောက်နိုင်အောင်လည်း ဆောင်ရွက်ပေးထားပါကြောင်း၊ အားကစားသမားများကလည်း မိမိတို့ ယှဉ်ပြိုင်သည့် အားကစားပြိုင်ပွဲများတွင် နောက်ဆုံးစက္ကန့်အချိန်အထိ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဇွဲ၊ လုံ့လအပြည့်ဖြင့် အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်သွားစေလိုပါကြောင်းပြောကြားခဲ့ပြီး အားကစားသမားတစ်ဦးချင်းစီအား လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားပြီးနောက် ထိုင်လျက်ဘော်လီဘောအားကစားသမားများ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူလက်ဝှေ့ရုံ သို့ရောက်ရှိ၍ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နည်းပြ/ဒိုင်လူကြီးများနှင့် အားကစားသမားများအားတွေ့ဆုံရာတွင် ရိုးရာလက်ဝှေ့ အားကစားသည် မြန်မာလူမျိုးတို့ရဲ့ ရိုးရာအားကစားနည်းဖြစ်သလို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ အားကိုးအားထားပြုရတဲ့ အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် အဖွဲ့ချုပ်တို့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရည်အသွေး အရည်အချင်းပြည့်စုံသည့် အားကစားသမားများကိုရွေးချယ်ပြီး မိမိနိုင်ငံ၊ မိမိလူမျိုးအတွက် ဂုဏ်ဆောင်နိုင်အောင် သွားရောက်ယှဉ်ပြိုင်မှာဖြစ်ပါကြောင်း၊ ရိုးရာလက်ဝှေ့အားကစားနည်းတူ အခြားအားကစားနည်းများကိုလည်း Camp သွင်းပြီး လေ့ကျင့်ပေးလျက် ရှိပါကြောင်း၊ ရိုးရာလက်ဝှေ့အားကစားသမားများအနေဖြင့် နည်းပြဆရာ၏ သင်ကြားပေးမှုအပြင် ဖြတ်ထိုးဉာဏ်ရှိဖို့လိုအပ်ပြီး ပြိုင်ဘက်၏အားနည်းချက် အားသာချက်များကို သုံးသပ်တတ်ဖို့လိုကြောင်း၊ မိမိကိုယ်တိုင်လည်းသက်လုံကောင်း၍ ခန္ဓာ ကိုယ်ကြံ့ခိုင်မှုရှိအောင် စည်းကမ်းတကျ နေထိုင် စားသောက်ဖို့လိုအပ်ပါကြောင်း၊ တိုးတက်ပြောင်းလဲနေသောနည်းစနစ် နည်းဗျူဟာများကို စဉ်ဆက်မပြတ်လေ့လာ၍ မလျှော့သောဇွဲ၊ လုံလဖြင့် မြန်မာ့လက်ဝှေ့ကို ကမ္ဘာကသိအောင် ကြိုးစားရန် အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။