အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း (6th WG on CoP) နှင့် (19th SOC-COM) တို့အား Virtual စနစ်ဖြင့်တက်ရောက်

နေပြည်တော်၊ ဩဂုတ်လ(၁၀)ရက်။

အင်ဒိုနီးရှားနိုင်ငံမှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့သည့် (၆)ကြိမ်မြောက် အာဆီယံကြိုတင်ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာအလေ့အထများ လုပ်ငန်းအဖွဲ့အစည်းအဝေး (6th Meeting of the ASEAN Working Group on Culture of Prevention-6th WG on CoP)ကို မြန်မာစံတော်ချိန် ယနေ့နံနက်(၉:၀၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ ကော်မတီခေါင်းဆောင်များ၊ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာအာဆီယံ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်၊ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင် အောက်ရှိလုပ်ငန်းအစုအဖွဲ့များမှ ဥက္ကဋ္ဌများနှင့်အတူ မြန်မာနိုင်ငံ အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးဥက္ကဋ္ဌ (SOMY Chair) အဖြစ်ဆောင်ရွက်သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် အာဆီယံ ကြိုတင်ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ အလေ့အထများ (COP) လုပ်ငန်းအစီအစဉ်နှင့်စပ်လျဉ်း၍ နောက်ဆုံးဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဦးဆောင် ဆောင်ရွက်နေသည့် လုပ်ငန်းအစုအဖွဲ့အသီးသီး၏ အာဆီယံ ကြိုတင်ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာအလေ့အထများ၏ သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေကြသည့် အခြေအနေများနှင့် (၃၄)ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ကော်မတီအစည်းအဝေးကျင်းပပြီးချိန်မှစ၍ ဆောင်ရွက်ထားရှိသည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပြီးနောက် မြန်မာစံတော်ချိန် နေ့လယ်(၁၁:၃၀) အချိန်တွင် နံနက်ပိုင်းအစည်းအဝေး အစီအစဉ်အားရပ်နားခဲ့ပါသည်။

ဆက်လက်၍ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ (၁၉)ကြိမ်မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်၏ ညှိနှိုင်းဆွေးနွေးမှု ညီလာခံ (19th Coordinating Conference on the ASCC-19th SOC-COM) အား မြန်မာစံတော်ချိန် ယနေ့မွန်းလွဲ (၁၂:၃၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ကော်မတီခေါင်းဆောင်များ၊ အာဆီယံ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးဥက္ကဋ္ဌ၊ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်အောက်ရှိ လုပ်ငန်းအစုအဖွဲ့များမှ ဥက္ကဋ္ဌများ၊ အာဆီယံနှင့်ဆက်နွယ်သည့်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အတူ မြန်မာနိုင်ငံအာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးဥက္ကဋ္ဌ (SOMY Chair)အဖြစ် ဆောင်ရွက်သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများက Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။

ယခုကျင်းပခဲ့သည့် (၁၉)ကြိမ်မြောက် ညီလာခံကို “၂၀၂၅နှစ်အလွန် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပြီး ညီလာခံအား အပိုင်း(၂)ပိုင်းဖြင့် ကျင်းပခဲ့ပါသည်။ ပထမအပိုင်းတွင် ယခင် (၁၈) ကြိမ်မြောက်ညီလာခံတွင် ဆွေးနွေးခဲ့သည့် ကိစ္စရပ်များ အပေါ်တွင် နောက်ဆုံးဆောင်ရွက်ထားမှု အခြေအနေများကို ဆွေးနွေးခဲ့ပြီး ညီလာခံ ဒုတိယအပိုင်းတွင် “၂၀၂၅နှစ်အလွန် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်း” တည်ဆောက်ရေးနှင့် စပ်လျဉ်း၍ အုပ်စု(၃)စုဖွဲ့၍ ဆွေးနွေးခဲ့ကြရာ အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ဥက္ကဋ္ဌ (SOMY Chair) လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အုပ်စု(၂)တွင် SOMY မှ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှု၊ တိုးတက်မှုအခြေအနေများ၊ ၂၀၄၅ ခုနှစ် နောက်ပိုင်းတွင် မျှော်မှန်းထားသည့် အာဆီယံအသိုက်အဝန်းနှင့် အဆိုပါ အသိုက်အဝန်းကို မည်သို့ဖော်ဆောင်သွားမည်လဲ စသည့်အချက်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ဆွေးနွေးခဲ့သည့် အုပ်စု(၃)စုတို့တွင် ဆွေးနွေးချက်များကို ပြန်လည်တင်ပြခဲ့ကြပြီးနောက် ညီလာခံအား မြန်မာစံတော်ချိန် မွန်းလွဲ (၁၆:၃၀) အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။