အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအား အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီလ(၂၅)ရက်။

ကမ္ဘောဒီးယားနိုင်ငံ၌ကျင်းပမည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအား အောင်နိုင်ရေးအလံအပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B)ဆောင်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဦးမောင်ကို၊ ဒေါက်တာ အောင်ကျော်မင်း၊ ဒေါက်တာကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့်ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်ပြိုင်ပွဲဝင်အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများတက်ရောက်ကြသည်။

ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်အား (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာအားကစားအဖွဲ့များက မိတ်ဆက်ဂါရဝပြုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးကို ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ မေ ၅ ရက်နေ့မှ ၁၇ ရက်အထိကျင်းပ ပြုလုပ်တော့မည်ဖြစ်သဖြင့် ရက်အနည်းငယ်သာလိုတော့သည့်အတွက် ပြိုင်ပွဲဝင်ကြမည့်အားကစားမောင်မယ်အပေါင်းတို့သည် ရုပ်ပိုင်းဆိုင်ရာအသင့်၊ စိတ်ပိုင်းဆိုင်ရာအသင့်၊ အားကစားပညာရပ်ပိုင်းဆိုင်ရာအသင့်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအသင့်၊ အစစအရာရာပြိုင်ပွဲဝင်ကြဖို့အသင့် ဖြစ်နေကြပြီဟုယုံကြည်ပါကြောင်း။

နိုင်ငံတစ်ဝန်းလုံးရှိ မိဘပြည်သူများအားလုံးကလည်း အားကစားမောင်မယ်များ၏ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ အားကြိုးမာန်တက်၊ အောင်မြင်ရမည်၊ ဆုတွေဆွတ်ခူးနိုင်ရမည်ဆိုသည့် စိတ်ဓာတ်အပြည့်နှင့် “ပွဲမဝင်ခင် အပြင်ကကျင်းပ” ဆိုသည့်အတိုင်း ပြင်းပြင်းထန်ထန်လေ့ကျင့်ပြင်ဆင်နေမှုများကို မျက်ဝါးထင်ထင်တွေ့မြင်သိရှိပြီးဖြစ်သကဲ့သို့ ဆုများတစ်ပွေ့တစ်ပိုက်နှင့် အောင်မြင်မှုများနှင့်ပြန်လာမည်ကို မျှော်လင့်စောင့်စားနေကြမည်ပင်ဖြစ်ပါကြောင်း။

“လေ့ကျင့်မှကျွမ်းကျင်၊ ကျွမ်းကျင်မှယုံကြည်၊ ယုံကြည်မှရဲရင့်၊ ရဲရင့်မှအောင်ပွဲခံ” ဆိုသည့်အတိုင်း လေ့ကျင့်သားပြည့်ဝပြီး ယုံကြည်မှုခိုင်မာစွာဖြင့်အောင်စိတ်တံခွန်များ တလူလူလွှင့်ထူထားကြပြီဟုလည်း ယုံကြည်ထားပါကြောင်း။

ယခုသွားရောက်ယှဉ်ပြိုင်မည့်ပြိုင်ပွဲကြီးသည် အားကစားမောင်မယ်များအဖို့ နိုင်ငံတော်အတွက် အားကစားလူချွန်လူကောင်းများဖြစ်ကြောင်း ပြသနိုင်မည့်အခွင့်အလမ်းကောင်းကြီး တစ်ရပ်လည်းဖြစ်ပါကြောင်း၊ ယခုအခွင့်အလမ်းကြီးကို အမိအရဆုပ်ကိုင်ပြီး နိုင်ငံ့ဂုဏ်ကိုမြှင့်တင်သွားနိုင်ကြမည်ဟုလည်း နိုင်ငံတော်နှင့်ပြည်သူတစ်ရပ်လုံးက ယုံကြည်မျှော်လင့်နေကြသည်ကို အသိပေးမှာကြားလိုပါကြောင်း၊ မိဘပြည်သူများ၏ ယုံကြည်မျှော်လင့်ချက် အိပ်မက်များကိုအကောင်အထည်ဖော်နိုင်ရန် မောင်မယ်များအနေဖြင့် ရေကုန်ရေခမ်းအားထုတ်ကြိုးပမ်းသွားကြမည်ဟု အလေးအနက်ယုံကြည်ပါကြောင်း။

ယခု (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ကြမည့် မြန်မာအားကစားအဖွဲ့အနေဖြင့် ယခင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့်ပြိုင်ပွဲများကထက် ဆုတံဆိပ်များပိုမိုရရှိအောင် စွမ်းဆောင်ပေးနိုင်ကြမည်ဆိုပါက မြန်မာအားကစားအဖွဲ့၏ အောင်မြင်မှုသမိုင်းကို ပိုမိုပြောင်းလဲမှတ်တမ်းတင်သွင်းနိုင်ကြမည်ဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲသည် အာဆီယံတွင်အမြင့်မားဆုံးသော အိုလံပစ်အားကစားပြိုင်ပွဲဖြစ်ပြီး ယခုပြိုင်ပွဲမှာတင်ကျေနပ်မနေဘဲ အာရှအိုလံပစ်၊ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်အထိ မျှော်မှန်းကြိုးပမ်းသွားကြစေလိုပါကြောင်း။

အားကစားဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုကို ဖော်ထုတ်ပြသနိုင်ပြီး အားကစားပြိုင်ပွဲများသည် တရားမျှတမှုရှိသည့် စွမ်းရည်ယှဉ်ပြိုင်မှုမျိုးဖြစ်ကြောင်း၊ အားကစားအောင်မြင်မှုဖြင့် နိုင်ငံတော်၏ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ရေးအတွက် ယခုကဲ့သို့နိုင်ငံတကာအားကစားပြိုင်ပွဲတစ်ရပ်ကို နိုင်ငံ့ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ရခြင်းသည် ထူးခြားသည့်ဂုဏ်ဒြပ်နှင့် အခွင့်အလမ်းဖြစ်သည်ကိုအုပ်ချုပ်သူ၊ နည်းပြနှင့်အားကစားသမားများအားလုံး သတိချပ်ကြစေလိုပါကြောင်း၊ ထို့ပြင်အမိမြန်မာနိုင်ငံတော်နှင့် မြန်မာလူမျိုး၏ဂုဏ်သိက္ခာနှင့် ပတ်သက်ဆက်နွှယ်နေသည့်အတွက် ပြိုင်ပွဲတိုင်းအနိုင်ရရှိရေးသည် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မြန်မာအားကစားအဖွဲ့ဝင်အားလုံး၏ ပခုံးထက်တွင်ရှိနေသည်ကိုလည်း သတိပြုနှလုံးသွင်းထားကြရမည်ဖြစ်ပါကြောင်း။

မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးချမှတ်ဆောင်ရွက်နေသည့် ဦးတည်ချက်များထဲတွင် “နိုင်ငံ၏အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင် တည်ဆောက်၍ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ်ဖြစ်ပေါ်လာစေရေး” ဆိုသည့် လူမှုရေးဦးတည်ချက်ကိုချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားကဏ္ဍသည် အရေးကြီးပါကြောင်း၊ “အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်” ဆိုသည့် ဆောင်ပုဒ်အတိုင်းအားကစားစိတ်ဓာတ်သည် တိုင်းပြည်ချစ်စိတ်ကိုဖြစ်ပေါ်စေပြီး ထိုမှတစ်ဆင့်တိုင်းပြည်ကိုကာကွယ်စောင့်ရှောက်လိုသည့်စိတ် ပေါ်ပေါက်လာစေမည်ဖြစ်သည့်အတွက် အားကစားကဏ္ဍကိုအားပေးမြှင့်တင် ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း။

နိုင်ငံတော်အနေဖြင့် နယ်ပယ်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး အားထုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် အားကစားကဏ္ဍကိုလည်း တစ်ခန်းတစ်ကဏ္ဍထည့်သွင်းပြီး နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်စေရေး အလေးထားစီမံဆောင်ရွက်ပေးလျက်ရှိနေပါကြောင်း၊ ထို့ကြောင့်လည်း မိမိတို့တာဝန်မယူမီကရှိခဲ့သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဆိုပြီး သီးခြားစီခွဲဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ လူငယ်များကို ငယ်ရွယ်စဉ်ကတည်းက ပညာသင်ယူခြင်းနှင့်အတူ အားကစားလိုက်စားပြီး ကျန်းမာကြံ့ခိုင်သည့်၊ ဗလငါးတန်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် ပြုစုပျိုးထောင်ပေးသွားမည့် ရည်ရွယ်ချက်ပင်ဖြစ်ပါကြောင်း၊ အားကစားထူးချွန်သည့် လူငယ်များကိုယခုကဲ့သို့ နိုင်ငံ့လက်ရွေးစင်များအဖြစ် နိုင်ငံတကာပြိုင်ပွဲများကို သွားရောက်ယှဉ်ပြိုင်စေခြင်းဖြင့် အားကစားလူငယ်မောင်မယ်တို့၏ကြိုးပမ်းမှု၊ အောင်မြင်မှုများသည် နိုင်ငံတော်၏ဂုဏ်သိက္ခာကိုမြင့်မားစေပြီး မိမိတို့တစ်ဦးချင်း၏ လူနေမှုဘဝများလည်း မြင့်မားလာစေမည်ဖြစ်ပါကြောင်း။

ထို့ပြင် နိုင်ငံတော်အနေဖြင့်ခေတ်အဆက်ဆက် အာရှအားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင်အောင်မြင်မှုနှင့် ဂုဏ်ပြုဆုတံဆိပ်များရယူပေးခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီးများကိုလည်း အသက် (၆၀) ပြည့်မြောက်တဲ့အချိန်ကစပြီး သက်ရှိထင်ရှားရှိနေသမျှကာလပတ်လုံး လစဉ်ထောက်ပံ့ငွေများချီးမြှင့်ပေးအပ်လျက်ရှိရာ ယနေ့အထိ အားကစားသမားကြီး(၂၃၀)ကို လစဉ်ကျပ်တစ်ရာငါးဆယ့်ငါးသိန်းတစ်သောင်းတိတိ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ယခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင်လည်း နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများထဲက ဝဏ္ဏကျော်ထင်ဘွဲ့ ၂၁ ဦး၊ လူမှုထူးချွန် ပထမအဆင့် ၃၆ ဦး၊ လူမှုထူးချွန် ဒုတိယအဆင့် ၃၉ ဦးနှင့် လူမှုထူးချွန် တတိယအဆင့် ၆၉ ဦးတို့ကိုပေးအပ် ချီးမြှင့်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကိုလည်း ဆက်လက်ပြီး စိစစ်ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်သကဲ့သို့ ယခုပြိုင်ပွဲတွင်နိုင်ငံတော်အတွက် ဆုတံဆိပ်များရယူပေးကြမည့် အားကစားမောင်မယ်များအနေဖြင့်လည်း အလားတူ အခွင့်အရေးများ ရရှိလာကြမည်ဖြစ်ကြောင်း။

ထို့ကြောင့် ယခု (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ကို ယခုအပ်နှင်းလိုက်မည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏အလံတော်သည် မောင်တို့မယ်တို့ အားကစားအဖွဲ့အတွက် ဂုဏ်ဒြပ်ရော၊ အမျိုးသားရေးတာဝန်ကိုပါ နိုင်ငံတော်၏ကိုယ်စားပြုနေသည်ဆိုသည့်ခံယူချက်ဖြင့် ပြိုင်ပွဲတိုင်းတွင် နိုင်ငံတော်၏အောင်လံတလူလူ လွင့်ပျံနေစေရေး ရေကုန်ရေခမ်း အစွမ်းကုန်ကြိုးပမ်းယှဉ်ပြိုင်သွားကြရန် အလေးအနက်တိုက်တွန်းလိုပါကြောင်း။

ယခုနိုင်ငံတော်ကိုကိုယ်စားပြုပြီး သွားရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံ့လက်ရွေးစင် အားကစားသမားများသည် ကောင်းမွန်သည့်ကျန်းမာ ကြံ့ခိုင်မှု၊ နည်းစနစ်ပိုင်နိုင်ကျွမ်းကျင်မှု၊ အားကစားစွမ်းဆောင်ရည်မြင့်မားမှု၊ စံချိန်စံညွှန်းကောင်းမွန်မှု စသည့်အချက်များနှင့် ပြည့်ပြည့်ဝဝခိုင်ခိုင်မာမာရှိနေပြီဟု ယုံကြည်ထားပြီးဖြစ်ကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြိုင်ပွဲတွင် အောင်နိုင်ရေးနှင့် အမိနိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်ရေးဆိုသည့်တာဝန်ကြီးကို နိုင်ငံတော်ကပေးအပ်လိုက်ပြီး ဖြစ်ခြင်းကြောင့် မြန်မာအားကစားအဖွဲ့ဝင်များအားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို အရင်းတည်ပြီး ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်ကာ အစွမ်းကုန်ကြိုးပမ်းသွားကြရန် ထပ်မံတိုက်တွန်းလိုပါကြောင်း၊ အားကစားအောင်မြင်မှုများအတွက်လည်း ထိုက်တန်စွာဂုဏ်ပြုသွားမည် ဖြစ်ပါကြောင်း။

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးကို ယခုကဲ့သို့ သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အဘက်ဘက်ကကူညီအားပေးခဲ့ကြသည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များပါအဝင် အားလုံးကိုနိုင်ငံတော်ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာအားကစားအဖွဲ့ဝင်များအားလုံး နိုင်ငံနှင့်လူမျိုး၏ဂုဏ်ကို မြှင့်တင်နိုင်ရေးဆိုသည့်အမျိုးသားရေးသန္နိဋ္ဌာန်ဖြင့် ရေကုန်ရေခမ်း ကြိုးပမ်းယှဉ်ပြိုင်သွားကြရန်၊ ပြိုင်ပွဲကာလအတွင်း အသင်းအဖွဲ့စိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်တို့ဖြင့် အချင်းချင်းရိုင်းပင်း ကူညီသွားကြရန်၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့စရိုက်အစဉ်အလာကောင်းများနှင့်အညီ ယဉ်ကျေးပျူငှာစွာပြုမူကျင့်ကြံ နေထိုင်ယှဉ်ပြိုင်ခဲ့ကြရန်၊ အနိုင်မခံအရှုံးမပေးကြံ့ခိုင်သည့် စိတ်ဓာတ်၊ မလျှော့သည့်ဇွဲ၊ လုံ့လတို့နှင့်ရင်ဆိုင်ယှဉ်ပြိုင်ပြီးဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ခဲ့ကြရန်၊ နိုင်ငံကြီးသားစိတ်ဓာတ်နှင့်တရားမျှတသန့်ရှင်းစွာ ယှဉ်ပြိုင်ပြီး အရှေ့တောင်အာရှဒေသ ညီနောင်နိုင်ငံများအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြှင့်တင်ပေးနိုင်သည့် အားကစားချစ်ကြည်ရေးသံတမန်ကောင်းတာဝန်များကို ကျေပွန်ခဲ့ကြရန်၊ အားကစားနှင့်တိုင်းပြည်ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် အားကစားသူရဲကောင်း မောင်မယ်များအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အောင်လံလွင့်ပျံနေစေရေး စွမ်းဆောင်သွားကြရန်နှင့် ဆုတံဆိပ်များနှင့် ပြန်လာမည့်အားကစားအဖွဲ့ကို မျှော်လင့်စောင့်ကြိုနေမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမင်းသိန်းဇံထံ အောင်နိုင်ရေးအလံကို အပ်နှင်းသည်။

ယင်းနောက် ပြည်ထောင်စု၀န်ကြီး ဦးမင်းသိန်းဇံက (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့၏ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းတင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည့်ပြိုင်ပွဲ၀င် လက်ရွေးစင်အားကစားသမားများ၊ အုပ်ချုပ်သူများနှင့်နည်းပြများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးပြီး အားကစားနည်းများအလိုက် အားကစားပြိုင်ပွဲများတွင်အသုံးပြုမည့် ပြိုင်ပွဲ၀င်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကို လှည့်လည်ကြည့်ရှုသည်။

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၃ ခုနှစ်၊ မေ ၅ ရက်မှ ၁၇ ရက်အထိကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပြိုင်ပွဲ၀င်မည့် အားကစားသမား ၃၄၁ ဦးသည် အားကစားနည်း ၁၉ နည်း၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။