အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်း လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ လေ့ကျင့်မှုပြုလုပ်လျက်ရှိသည့် အားကစားကွင်း/အားကစားရုံများသို့ လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ဒီဇင်ဘာလ(၁၆)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) မှ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်(၈:၀၀)နာရီအချိန်တွင် ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင် အဖြစ်လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)တွင် စခန်းသွင်း လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် ပီတန်း၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ဘိလိယက်/ စနူကာ၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ ဗိုဗီနမ်၊ ပိုက်ကျော်ခြင်းနှင့် မြားပစ်အားကစားအဖွဲ့များမှ အားကစားသမားများ၏ လေ့ကျင့်မှုပြုလုပ်လျက်ရှိသည့် အားကစားကွင်း/အားကစားရုံများသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ (၃၁)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အချိန်နီးကပ်လာပြီဖြစ်၍ အရေးကြီးကာလသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် အုပ်ချုပ်/နည်းပြ အားကစားသမားများအနေဖြင့် ပိုမိုကြိုးစား အားထုတ်လေ့ကျင့်ကြရမည်ဖြစ်ကြောင်း၊

အားကစားသမားများ ကျန်းမာရေးကောင်းမွန်စေရန်နှင့် Injury မရရှိစေရေးအတွက် အုပ်ချုပ်/နည်းပြများမှ မိမိအားကစားသမားများအား အထူး ဂရုစိုက်စောင့်ကြည့်ကြရန်လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်း/စည်းကမ်းများအတိုင်း နေထိုင်သွားလာ လေ့ကျင့်ကြရန်လိုအပ်ကြောင်း၊ Training Programme များတွင် ထည့်သွင်းရေးဆွဲထားသည့် လေ့ကျင့်ခန်းများအတိုင်း Effective Training ဖြစ်စေရေးအတွက် နည်းစနစ်မှန်မှန်၊ ပြင်းပြင်းထန်ထန်၊ ထိထိရောက်ရောက် လေ့ကျင့်ကြရန်နှင့် စခန်းဝင်အားကစားသမားများ၏ Performance များသိရှိနိုင်ရေးအတွက် Skill Test ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် အားကစားသမားများ၏ လေ့ကျင့်ရေးဆိုင်ရာ အခက်အခဲများ၊ နေထိုင်စားသောက်ရေးဆိုင်ရာ အခက်အခဲများ၊ ကျန်းမာရေးဆိုင်ရာ အခက်အခဲများအား ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။