အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်‌ကျော်ခြင်းပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားကစားသမားများအား လူတွေ့စစ်ဆေးခြင်း၊ ပွဲစဉ်ဇယားရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ စက်တင်ဘာလ ၁။

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အားကစားသမားများအား လူတွေ့စစ်ဆေးခြင်း၊ ပွဲစဉ် ဇယားရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့ညနေပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ယှဥ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးသိန်းသန်းနိုင်နှင့် ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနခွဲများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးမှ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။

ဦးစွာ ဝန်ကြီးဌာနကိုယ်စားပြု ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ/နည်းပြများက ပြိုင်ပွဲဝင် အားကစားသမားများအား ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် သတ်မှတ်စည်းမျဉ်း/စည်းကမ်းများ အတိုင်း ကန့်ကွက်ရန် ရှိ/မရှိ အသီးသီး ဆွေးနွေးတင်ပြခဲ့ကြရာ ပြိုင်ပွဲကျင်းပရေးအဖွဲ့နှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများက ညှိနှိုင်း၍ စိစစ်ဆုံးဖြတ်အတည်ပြုပေးခဲ့သည်။

ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ယှဥ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးသိန်းသန်းနိုင်က မိမိတို့အားကစားရေးရာဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ ပြည်သူတစ်ရပ်လုံး အားကစားကို စိတ်ပါဝင်စားမှု ရှိလာစေရေးနှင့် ပိုက်ကျော်ခြင်းအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ ယခုဝန်ကြီးဌာနပေါင်းစုံပြိုင်ပွဲအား ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲစည်းမျဉ်း/ စည်းကမ်းများနှင့်အညီ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အသင်းအုပ်ချုပ်သူများအနေဖြင့် လိုအပ်သည့် အထောက်အထား အချက်အလက်များနှင့် စာရွက်စာတမ်းများကို ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူ (စခန်းမှူး)ထံသို့ အချိန်မီပေးပို့သွားရန်လိုကြောင်း၊ ဆုရရှိသည့် အားကစားသမားများကို ဆုတံဆိပ်၊ ဆုဖလားများအပြင် ဆုကြေးငွေများနှင့် တံခွန်စိုက်ဆုဖလားများလည်း ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း၊ အမျိုးသား (၃) ယောက်တွဲ အဖွဲ့လိုက် ပြိုင်ပွဲနှင့် (၄) ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲများတွင် ပထမဆု ငွေကျပ် သိန်း(၃၀) ၊ ဒုတိယဆု ငွေကျပ် သိန်း (၂၀)နှင့် တတိယဆု ငွေကျပ် (၁၀)သိန်းနှုူန်းဖြင့် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲဖြစ်သည့်အတွက် မိမိအားကစား သမားများအား ဆံပင်အရောင်ဆိုးခြင်း၊ နားကပ်ဝတ်ဆင်ထားခြင်း၊ အားကစားသမားအင်္ဂါရပ်နှင့် လျော်ညီအောင် ပြုမူပြောဆို၍ စည်းကမ်းတကျရှိစေရေးအတွက် အသင်းအုပ်ချုပ်သူ/နည်းပြများက ကြိုတင်အသိပေး ပြောကြားထားရန်လိုကြောင်း၊ ဒိုင်လူကြီးများအနေဖြင့် သာမန်မျက်စိဖြင့် လျှပ်တပြတ် ဆုံးဖြတ်ချက်များ ချမှတ်လုပ်ဆောင်ရသည့်အတွက် လိုအပ်ချက်များရှိနိုင်သော်လည်း ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာရမည်ဖြစ်ပါကြောင်း၊ ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက် များ မှားယွင်းချက်ရှိသည်ဟု လက်ခံယူဆခဲ့ပါက အဖွဲ့ချုပ်ဖြင့်ပူးပေါင်းပြီး သက်ဆိုင်ရာပြိုင်ပွဲတွင် ဘက်လိုက်မှားယွင်းဆုံးဖြတ်သည့် ဒိုင်လူကြီးအား ပွဲပယ်ပြစ်ဒဏ်နှင့် လိုအပ်သည့်အရေးယူများဖြင့် ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အသင်းအုပ်ချုပ်သူများအနေဖြင့် မသမာမှုများရှိသည်ဟု ထင်မြင်မိပါက စည်းမျဉ်း/စည်းကမ်း သတ်မှတ်ချက်များအတိုင်း ကန့်ကွက်နိုင်ပါကြောင်းနှင့် ပြိုင်ပွဲ ကျင်းပရေးကော်မတီ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲအတွင်း ခိုက်ရန်ဖြစ်ပွားမှု မရှိစေရေး၊ မိမိတို့အသင်းအား လာရောက်အားပေးသည့် ပရိသတ်များအား စည်းကမ်းတကျ အားပေးကြရန်နှင့် ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အုပ်ချုပ်သူ/နည်းပြများ ဝိုင်းဝန်းကြပ်မတ်ပေးစေ လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနခွဲများနှင့် အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူ/နည်းပြများက အုပ်ချုပ်မှုဆိုင်ရာကိစ္စ ရပ်များ၊ ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲအမျိုးအစားများ၊ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မှုဆိုင်ရာ ကိစ္စရပ်များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းသတ်မှတ်ချက်များ၊ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရရှိရေးနှင့် ပတ်သက်ပြီး အသီးသီး တင်ပြဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးနောက် ပွဲစဉ်ဇယားရေးဆွဲရန် အသင်းများမှ မဲနှိုက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ပြိုင်ပွဲကာလ (၇)ရက်ကြာဖြင့် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ (A)၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၂၇ သင်း၊ ပြိုင်ပွဲဝင် စုစုပေါင်းအင်အား ၂၆၄ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။