အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၂၀

မြန်မာဘောလုံးအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ် အမျိုးသမီးဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီး ဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ”ကို ယနေ့မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင် အားကစားကွင်းနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်းတို့၌ ဇုန်များခွဲ၍ အသီးသီး ကျင်းပခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ” ယှဉ်ပြိုင်ကစားနေမှုများကို သက်ဆိုင်ရာ ဇုန်များအလိုက် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များမှ အကြီးအကဲပုဂ္ဂိုလ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အကြီးအကဲများနှင့် ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တစ်ခဲနက် လာရောက်ကြည့်ရှုအားပေးခဲ့သည်။

ယနေ့ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ” အုပ်စု ပတ်လည် ပွဲစဉ်များအဖြစ် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း၌ ကယားပြည်နယ် အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကယားပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၆)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၌ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးတို့ ယှဉ်ပြိုင် ကစားခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၄)ဂိုး၊ ဂိုးမရှိဖြင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင်ပြိုင်ပွဲ (၁)ရက်နားမည်ဖြစ်ပြီး “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ” အုပ်စုပတ်လည် ပွဲစဉ်များအဖြစ် စက်တင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီမှစတင်၍ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစား ကွင်း၌ ကယားပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ အားကစားဥယျာဉ်ကွင်း၌ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ရခိုင်ပြည်နယ်အသင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၌ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ကချင် ပြည်နယ်အသင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ကိုးသိန်းအားကစားကွင်း၌ မွန်ပြည်နယ်အသင်း နှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူ များအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။