![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ
နေပြည်တော်၊ စက်တင်ဘာ ၁၉
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ”ကို ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ကိုးသိန်းအားကစားကွင်း၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ အားကစားဥယျာဉ်ကွင်း၌လည်းကောင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၌ လည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း၌လည်းကောင်း ဇုန်(၄)ဇုန်ခွဲ၍ အသီးသီး ကျင်းပခဲ့သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ” ယှဉ်ပြိုင်ကစားနေမှုများကို သက်ဆိုင်ရာ ဇုန်(၄)ဇုန်အလိုက် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များမှ အကြီးအကဲပုဂ္ဂိုလ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အကြီးအကဲများနှင့် ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တစ်ခဲနက် လာရောက်ကြည့်ရှုအားပေးခဲ့သည်။
ယနေ့ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ” အုပ်စု ပတ်လည်ပွဲစဉ်များအဖြစ် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း၌ အိမ်ရှင် ကရင် ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကရင်ပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို (၅)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ အားကစားဥယျာဉ်ကွင်း၌ အိမ်ရှင် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပဲခူးတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို (၃)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၌ အိမ်ရှင် ရှမ်းပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို (၃)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ကိုးသိန်းအားကစားကွင်း၌ အိမ်ရှင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဧရာဝတီတိုင်း ဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၁၀)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
“၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ” အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် စက်တင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီမှစတင်၍ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း၌ ကယားပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၌ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီး အသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများ အနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။




