အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ (၁၂)။

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝန်ကြီးဌာနအလိုက် အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ Squash အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး(အမျိုးသမီး)ပြိုင်ပွဲကို (၁၄.၁၂.၂၀၂၃)ရက်နေ့မှ (၂၃.၁၂.၂၀၂၃)ရက်နေ့အထိ လည်းကောင်း၊ ဘောလုံး(အမျိုးသား)ပြိုင်ပွဲကို (၁၉.၁၂.၂၀၂၃)ရက်နေ့မှ (၃.၁.၂၀၂၄)ရက်နေ့အထိ လည်းကောင်း ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၁)၊ ကွင်းအမှတ်(၃)နှင့် လယ်ဝေး အားကစားကွင်း (TC-2)တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ National Fitness ဖြစ်သည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်း များအား ပျော်ပျော်ရွှင်ရွှင်၊ စည်းစည်းလုံးလုံးဖြင့် ရင်းနှီးမှုရရှိစေရေး၊ ဝန်ထမ်းများ တက်ကြွရွှင်လန်းစွာဖြင့် လုပ်ငန်းတာဝန်များကို ပိုမိုထမ်းရွက်နိုင်စေရေးစသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ကြမည့် ဝန်ကြီးဌာနများအနေဖြင့် သတ်မှတ်ထားသည့် ပြိုင်ပွဲ စည်းမျဉ်း/ စည်းကမ်းများနှင့်အညီ ဝင်ရောက်ယှဉ်ပြိုင်ကြရန်နှင့် ယနေ့အစည်းအဝေးတွင် အတည်ပြုမှတ်တမ်းတင် ထားပြီးဖြစ်သည့် အားကစားသမားများအား ထပ်မံ၍ကန့်ကွက်ခြင်း၊ လူစားလဲလှယ်ခြင်းများ မပြုလုပ် ကြရန် ပြောကြားလိုကြောင်း၊ ယခုပြိုင်ပွဲတွင် ဆုကြေးငွေများအဖြစ် ပထမဆု ကျပ်သိန်း (၃၀)၊ ဒုတိယဆု ကျပ်သိန်း(၂၀)၊ တတိယဆု ကျပ်(၁၅)သိန်း၊ စတုတ္ထဆု ကျပ်(၁၀)သိန်း၊ အကောင်းဆုံး အားကစားသမားဆု တစ်ဆုလျှင် ကျပ်(၂)သိန်းစီနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမား ဆုအား ကျပ်(၃)သိန်း ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲအား သတ်မှတ်ထားသည့် ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ အားကစားဆေးဘက်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ချုပ် ဦးသန်းနိုင်နှင့် ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲဝင် အသင်းအုပ်ချုပ်သူ/ နည်းပြများက ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက် ပြီး အသီးသီးဆွေးနွေးတင်ပြခဲ့ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးနောက် အုပ်စုမဲနှိုက်ခြင်းနှင့် ပွဲစဉ်ဇယားရေးဆွဲခြင်းများကို ပြုလုပ်ခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲကို (၁၄.၁၂.၂၀၂၃)ရက်နေ့မှ (၃.၁.၂၀၂၄)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိဘောလုံး ကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၁)၊ ကွင်းအမှတ်(၃)နှင့် လယ်ဝေးအားကစားကွင်း(TC-2)တို့တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း(၁၅)သင်း၊ အမျိုးသမီးအသင်း(၅)သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။