အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (၂၇)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာန ပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရာထမ်း/အမှုထမ်းများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ယနေ့ ဗိုလ်လုပွဲ ပွဲစဉ်တွင် ဘော်လီဘော(အမျိုးသမီး)ပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဘော်လီဘော (အမျိုးသား) ပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲ၊ (၁)ပွဲဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ နေရာအလိုက် အကောင်းဆုံး အမျိုးသမီးအားကစားသမားဆုရရှိကြသူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်ကလည်းကောင်း၊ နေရာအလိုက်အကောင်းဆုံးအမျိုးသားအားကစားသမားဆု ရရှိကြသူများကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းကလည်းကောင်း တစ်ဦးချင်းဆု တံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ဘော်လီဘောအမျိုးသမီးပြိုင်ပွဲတွင် စတုတ္ထ ဆုရရှိသော နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း၊ ဘော်လီဘောအမျိုးသားပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရွှေကြိမ်းကလည်းကောင်း ဂုဏ်ပြုဆုငွေ ကျပ်(၁၀)သိန်းစီအား ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ဘော်လီဘောအမျိုးသမီးပြိုင်ပွဲတွင် တတိယဆုရရှိသော ပြည်ထဲရေးဝန်ကြီးဌာန အသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးက တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေ ကျပ်(၁၅)သိန်းအားလည်းကောင်း၊ ဒုတိယဆုရရှိသော အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်က တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း(၂၀)အားလည်းကောင်း၊ ပထမဆုရရှိသော ကာကွယ်ရေး ဝန်ကြီးဌာနအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေ ကျပ်သိန်း(၃၀)နှင့် ဆုဖလားအားလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။

ထို့နောက် ဘော်လီဘောအမျိုးသားပြိုင်ပွဲတွင် တတိယဆုရရှိသော အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်က တစ်ဦးချင်း ဆုတံဆိပ် နှင့် ဂုဏ်ပြုဆုငွေ ကျပ်(၁၅)သိန်းအားလည်းကောင်း၊ ဒုတိယဆုရရှိသော ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်းဟာက တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေ ကျပ် သိန်း(၂၀)အားလည်းကောင်း၊ ပထမဆုရရှိသော ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦးက တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေ ကျပ်သိန်း (၃၀)နှင့် ဆုဖလားအားလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။    

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲကို ဒီဇင်ဘာလ (၁၄)ရက်နေ့မှ (၂၇)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပခဲ့ပြီး ဝန်ကြီးဌာနအသီးသီးမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း(၂၀)သင်း၊ အမျိုးသမီးအသင်း(၉)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုအဆင့်အတန်းမြင့်မားလာစေရန်နှင့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲမှတဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ဘော်လီဘောအားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပ ရခြင်းဖြစ်ကြောင်း သိရသည်။