အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲနှင့် အသက် (၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားများကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ (၃)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသော ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်နှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ယနေ့ ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်တွင် ရခိုင်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၂)ပွဲ၊(၁)ပွဲဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲ ပွဲစဉ်တွင် မန္တလေးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဂုဏ်ပြုဆုငွေ ကျပ်(၅)သိန်းအားလည်းကောင်း၊ တတိယဆုရရှိသော ရခိုင်ပြည်နယ်အသင်းကို အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က တစ်ဦးချင်းဆုဆွဲပြားနှင့် ဂုဏ်ပြုဆုငွေ ကျပ်(၁၀)သိန်းအားလည်းကောင်း၊ ဒုတိယဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက တစ်ဦးချင်းဆုဆွဲပြားနှင့် ဂုဏ်ပြုဆုငွေ ကျပ်(၁၅)သိန်းအားလည်းကောင်း၊ ပထမဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က တစ်ဦးချင်း ဆုဆွဲပြားအားလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က ဂုဏ်ပြုဆုငွေကျပ်သိန်း(၂၀)နှင့် တံခွန်စိုက်ဆုဖလားအားလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပခဲ့ရာ အမျိုးသား/အမျိုးသမီး မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်း ပြိုင်ပွဲတွင် ဆုရရှိကြသူများကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးကလည်းကောင်း၊ အမျိုးသမီး မီတာ ၁၅၀၀ အပြေးပြိုင်ပွဲတွင် ဆုရရှိကြသူများကို မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်ဦးကလည်းကောင်း၊ အမျိုးသား လှံတံပစ်ပြိုင်ပွဲတွင် ဆုရရှိကြသူ များကို မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသာအောင်ကလည်းကောင်း၊ အမျိုးသား မီတာ ၁၅၀၀ အပြေးပြိုင်ပွဲတွင် ဆုရရှိကြသူများကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးကလည်းကောင်း၊ အမျိုးသမီး တန်းမြင့်ခုန်ပြိုင်ပွဲနှင့် လှံတံပစ်ပြိုင်ပွဲတွင် ဆုရရှိကြသူများကို မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းကလည်းကောင်း၊ အမျိုးသား/ အမျိုးသမီး မီတာ ၄၀၀ တန်းကျော်ပြေးပြိုင်ပွဲတွင် ဆုရရှိကြသူများကို မြန်မာနိုင်ငံပြေးခုန်ပစ် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းကလည်းကောင်း၊ အမျိုးသား(သုံးဆင့်ခုန်ပြိုင်ပွဲနှင့်သံလုံးပစ်ပြိုင်ပွဲ)တွင် ဆုရရှိကြသူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းကလည်းကောင်း၊ အမျိုးသား/အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲနှင့် အမျိုးသား+အမျိုးသမီး မီတာ ၄၀၀ x ၄ လက်ဆင့် ကမ်းပြိုင်ပွဲတွင် ဆုရရှိကြသူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်ကလည်းကောင်း တစ်ဦးချင်းဆုဆွဲပြားနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် အမျိုးသားနှင့်အမျိုးသမီး တံခွန်စိုက်ဆုများရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း၊ စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးနော်တောင်ကလည်းကောင်း တံခွန်စိုက်ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။