အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်)  အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲနှင့် မြန်မာ့သိုင်းပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (၂၉)။

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ (Multipurpose Hall )နှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ Squash အားကစားရုံတို့၌ ကျင်းပခဲ့သည်။

အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသားလူမျိုးများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ ကျန်းမာကြံ့ခိုင်သော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ထူးချွန်ထက်မြက်သော ပြေးခုန်ပစ် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေး၊ မြန်မာတို့၏ ရိုးရာအမွေအနှစ် ကိုယ်ခံပညာရပ်တစ်ခုဖြစ်သည့် မြန်မာ့သိုင်းအားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ့သိုင်းပညာကို လူငယ်လူရွယ်တိုင်း စိတ်ပါဝင်စားစွာ လေ့ကျင့်ကစားလာစေရေးတို့ကို ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲနှင့် မြန်မာ့သိုင်းပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် သတ်မှတ်ထားသော ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများအတိုင်း စနစ်တကျ လိုက်နာဆောင်ရွက်ပြီး ဝင်ရောက်ယှဉ်ပြိုင်ကြရန်လိုကြောင်း၊ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/နည်းပြများအနေဖြင့် မိမိတို့ အားကစားသမားများ၏ ကျန်းမာရေး၊ နေထိုင်သွားလာစားသောက်ရေးကိစ္စရပ်များနှင့် ပြိုင်ပွဲယှဉ်ပြိုင်ရာ တွင် စည်းကမ်းတကျရှိစေရေးတို့အတွက် အထူးကြပ်မတ်ဆောင်ရွက်ပေးစေလိုကြောင်း၊ အားကစားသမားများအနေဖြင့်လည်း မိမိတို့အသင်းအောင်နိုင်ရေးအတွက် အားကစားစိတ်ဓါတ်အပြည့်အဝဖြင့် ယှဉ်ပြိုင် ကစားကြပြီး ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် သက်ဆိုင်ရာအဖွဲ့ချုပ်များမှ ချမှတ်ထားသော စည်းမျဉ်း/ စည်းကမ်းများအတိုင်း သေချာစွာ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဆုရရှိသော အားကစားသမားများအား တစ်ဦးချင်းဆုဆွဲပြားများအပြင် ဆုကြေးငွေအဖြစ် တစ်ဦးချင်း (တာတို အခုန်/အပစ်)ပြိုင်ပွဲများတွင် ပထမဆု ကျပ် (၁) သိန်း၊ ဒုတိယဆု ကျပ်(၇) သောင်း၊ တတိယဆု ကျပ်(၅)သောင်း၊  တစ်ဦးချင်း(တာဝေး)နှင့် အသင်းလိုက်လက်ဆင့်ကမ်းပြိုင်ပွဲများတွင် ပထမဆု ကျပ် (၅) သိန်း၊ ဒုတိယဆု ကျပ်(၃) သိန်း၊ တတိယဆု ကျပ်(၂)သိန်း၊ အမျိုးသား/အမျိုးသမီး တံခွန်စိုက်ဆုဖလားများ နှင့် စုပေါင်းတံခွန်စိုက်ဆုဖလားများအားလည်းကောင်း ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး မြန်မာ့သိုင်းပြိုင်ပွဲတွင် ဆုကြေးငွေများအဖြစ် ပထမဆု ကျပ် (၁) သိန်း၊ ဒုတိယဆု ကျပ်(၇) သောင်း၊ တတိယဆု ကျပ် (၅)သောင်းနှင့် အတိုက်ပြိုင်ပွဲများတွင် ပူးတွဲ တတိယဆုအားလည်းကောင်း၊ လက်သိုင်းအတိုက် အကောင်းဆုံးအားကစားသမားဆုနှင့် ဓါးအတိုက် အကောင်းဆုံးအားကစားသမားဆုများအား ဆုကြေးငွေ  (၁)သိန်းကျပ် ချီးမြှင့်မည်ဖြစ်ပြီး အမျိုးသားတံခွန်စိုက်ဆုဖလား၊ အမျိုးသမီးတံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲကျင်းပပေးရခြင်း၏ ရည်ရွယ်ချက် မပျောက်ပျက်စေရေးအတွက် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က ပြိုင်ပွဲဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ သက်ဆိုင်ရာအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူနှင့်နည်းပြများက ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲကျင်းပမှုဆိုင်ရာကိစ္စရပ်များ၊ လေ့ကျင့်မှု၊ နေထိုင်သွားလာစားသောက်မှုနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြခဲ့မှုများအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးနောက် အုပ်စုမဲနှိုက်ခြင်းနှင့် ပွဲစဉ်ဇယားရေးဆွဲခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။ ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကိုနေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ဒီဇင်ဘာလ (၃၀)ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၃)ရက်နေ့အထိ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အသင်း(၁၅)သင်း၊ မြန်မာ့သိုင်းပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဒီဇင်ဘာလ(၃၀) ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့အထိ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်း(၁၄)သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။