အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ (၂၈)။

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည်(၁၁)နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ Squash အားကစားရုံ၌ ကျင်းပခဲ့သည်။

အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသားလူမျိုးများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ ကျန်းမာကြံ့ခိုင်သော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ထူးချွန်ထက်မြက်သော ပိုက်ကျော်ခြင်း မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် သတ်မှတ်ထားသော ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများအတိုင်း စနစ်တကျ လိုက်နာဆောင်ရွက်ပြီး ဝင်ရောက်ယှဉ်ပြိုင်ကြရန်လိုကြောင်း၊ ပြိုင်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး အတွက် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/နည်းပြများအနေဖြင့် မိမိတို့ အားကစား သမားများ၏ ကျန်းမာရေး၊ နေထိုင်သွားလာစားသောက်ရေးကိစ္စရပ်များနှင့် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် စည်းကမ်း တကျရှိစေရေးတို့အတွက် အထူးကြပ်မတ်ဆောင်ရွက်ပေးစေလိုကြောင်း၊ အားကစားသမားများအနေ ဖြင့်လည်း မိမိတို့အသင်းအောင်နိုင်ရေးအတွက် အားကစားစိတ်ဓါတ်အပြည့်အဝဖြင့် ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့မှ ချမှတ်ထားသော စည်းမျဉ်း/ စည်းကမ်းများအတိုင်း သေချာစွာ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်း များနှင့်ကိုက်ညီမှုမရှိသော အားကစားသမားများကို ခေါ်ဆောင်လာသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး များကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲတွင် ဆုရရှိသော အားကစားသမားများအား ဆုတံဆိပ်၊ ဆုဖလားများအပြင် ပထမဆု ကျပ်သိန်း(၂၀)၊ ဒုတိယဆု ကျပ်(၁၅) သိန်း၊ တတိယဆု ကျပ်(၁၀)သိန်း၊ စတုတ္ထဆု ကျပ်(၅)သိန်းနှုန်းဖြင့် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲကျင်းပပေးရခြင်း၏ ရည်ရွယ်ချက် မပျောက်ပျက်စေရေးအတွက် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထိုနောက် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က ပြိုင်ပွဲ ဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပြိုင်ပွဲဝင် အသင်းများ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်း/စည်းကမ်းများ၊ ဥပဒေ/နည်းဥပဒေများနှင့်ပတ်သက်၍ လည်းကောင်း၊  ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူနှင့်နည်းပြများက ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး အတွက် ပြိုင်ပွဲကျင်းပမှုဆိုင်ရာကိစ္စရပ်များ၊ လေ့ကျင့်မှု၊ နေထိုင်သွားလာစားသောက်မှုနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြခဲ့မှုများအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးနောက် အုပ်စုမဲနှိုက်ခြင်းနှင့် ပွဲစဉ်ဇယားရေးဆွဲခြင်းများကို ပြုလုပ် ဆောင်ရွက်ခဲ့သည်။

၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲကို ဒီဇင်ဘာလ(၂၉)ရက်နေ့မှ ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၃)ရက်နေ့အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့ပြိုင်ပွဲရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး များမှ ပြိုင်ပွဲဝင်(အမျိုးသား) အသင်း(၁၅)သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။