အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလားပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဂေါက်သီးရိုက် (အမျိုးသား)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ(၂၃)။

ဂေါက်သီးရိုက်အားကစားနည်း ပိုမိုတိုးတက်လာစေရန်နှင့် ထူးချွန်သော မျိုးဆက်သစ်ဂေါက်သီးရိုက်အားကစားသမားများ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂေါက်သီးရိုက်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဂေါက်သီးရိုက်(အမျိုးသား) ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ Squash အားကစားရုံ၌ ကျင်းပခဲ့သည်။

အစည်းအဝေး၌ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဂေါက်သီးရိုက်အားကစားနည်းသည် အင်အားနှင့်ဉာဏ်ရည်ကို အခြေခံပြီး မိမိတို့၏ လေ့ကျင့်မှုနှင့်ကျွမ်းကျင်မှုတို့ကို ပေါင်းစပ်၍ ယှဉ်ပြိုင်ရသော အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲမှတဆင့် ထူးချွန်ထက်မြက်သော ဂေါက်သီးရိုက်အားကစားသမားများ ထွက်ပေါ် လာစေရန်အတွက် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဂေါက်သီးရိုက် (အမျိုးသား)ပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် သတ်မှတ်ထားသော ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများအတိုင်း စနစ်တကျ လိုက်နာဆောင်ရွက်ပြီး ဝင်ရောက်ယှဉ်ပြိုင်ကြရန်လိုကြောင်း၊ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံဂေါက်သီးရိုက်အဖွဲ့ချုပ်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/နည်းပြများအနေဖြင့် မိမိတို့အားကစားသမားများ၏ ကျန်းမာရေး၊ နေထိုင်သွားလာစားသောက်ရေးကိစ္စရပ်များနှင့် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် စည်းကမ်းတကျ ရှိစေရေးတို့အတွက် အထူးကြပ်မတ်ဆောင်ရွက်ပေးစေလိုကြောင်း၊ အားကစားသမားများအနေဖြင့်လည်း မိမိတို့အသင်းအောင်နိုင်ရေးအတွက် အားကစားစိတ်ဓါတ်အပြည့်အဝဖြင့် ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် မြန်မာနိုင်ငံဂေါက်သီးရိုက်အဖွဲ့ချုပ်တို့မှ ချမှတ်ထားသော စည်းမျဉ်း/စည်းကမ်းများအတိုင်း သေချာစွာ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုပြိုင်ပွဲတွင် ဆုရရှိသော အားကစားသမားများအား အမျိုးသားတံခွန်စိုက်ဆုနှင့် အသင်းလိုက်ပြိုင်ပွဲတွင် ဆုတံဆိပ်များအပြင် ပထမဆု ကျပ် (၁၀) သိန်း၊ ဒုတိယဆု ကျပ်(၇)သိန်း၊ တတိယဆု ကျပ်(၅)သိန်း၊ တစ်ဦးချင်း (အကျောပေး/အကျောမဲ့)ပြိုင်ပွဲတွင် ဆုဆွဲပြားနှင့် ပထမဆု ကျပ်(၇)သိန်း၊ ဒုတိယဆု ကျပ်(၅)သိန်း၊ တတိယဆု ကျပ်(၃)သိန်းနှုန်းဖြင့် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲကျင်းပပေးရခြင်း၏ ရည်ရွယ်ချက် မပျောက်ပျက်စေ ရေးအတွက် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က ပြိုင်ပွဲဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ မြန်မာနိုင်ငံဂေါက်သီးရိုက်အဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်း/စည်းကမ်းများ၊ ဥပဒေ/နည်းဥပဒေများနှင့်ပတ်သက်၍လည်းကောင်း၊  ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူနှင့်နည်းပြများက ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲကျင်းပမှုဆိုင်ရာကိစ္စရပ်များ၊ လေ့ကျင့်မှု၊ နေထိုင်သွားလာစားသောက်မှုနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြခဲ့မှုများအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အစည်းအဝေးသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ မြန်မာနိုင်ငံဂေါက်သီးရိုက်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဂေါက်သီးရိုက် (အမျိုးသား)ပြိုင်ပွဲကို ဒီဇင်ဘာလ(၂၄)ရက်နေ့မှ (၂၆)ရက်နေ့အထိ နေပြည်တော် ဂေါက်ကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်(အမျိုးသား) အသင်း(၁၅)သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။