အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငါးမျိုးစိုက်ထည့်ပွဲ၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ဝန်ကြီးဌာနနှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင်(၂၀)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ ငါးမျိုးစိုက်ထည့်ပွဲနှင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲနှင့် ဝန်ကြီးဌာန (၂)နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပခဲ့သည်။

ဦးစွာ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ကန်အမှတ်(၁)၌ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး၊ ဒုတိယဝန်ကြီးများနှင့်ဇနီးများက ငါးကြင်းသားပေါက်များကို ဦးစွာ ငါးမျိုးစိုက်ထည့်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းများမှ  ကန်အတွင်းသို့ ငါးကြင်းသားပေါက်ကောင်ရေ(၁၅၀၀၀)ခန့်ကို ငါးမျိုးစိုက်ထည့်ခဲ့ ကြပါသည်။ ၎င်းနောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ဝဏ္ဏသိဒ္ဓိအားကစားကွင်းပရိဝုဏ်အတွင်း၌ ဆက်လက် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် အရာထမ်း/အမှုထမ်းများမှ စိန်တစ်လုံးသရက်ပျိုးပင် ပေါင်း(၁၃၀၀)ခန့်ကို သတ်မှတ်နေရာအသီးသီးတွင် စိုက်ပျိုးပေးခဲ့ကြသည်။

ဆက်လက်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (၂)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တက်ရောက်အဖွင့်အမှာ စကားပြောကြားရာတွင် ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် အားကစားဝန်ကြီးဌာနကို စတင်ဖွဲ့စည်း၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်၊ မေလမှစတင်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဟူ၍ ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ(၁) ရက်နေ့မှစတင်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် ပြင်ဆင်ပြောင်းလဲဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ခြင်းသည် ယနေ့ဆိုလျှင် (၂)နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ အားကစားကဏ္ဍဆောင်ရွက်မှုများအနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ နိုင်ငံတော်၏ အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးနှင့် အရှေ့တောင်အာရှ၊ အာရှနှင့် ကမ္ဘာ့နိုင်ငံများအကြား အဆင့်အတန်းမြင့်မားစွာ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိရေးတို့အား တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မျိုးဆက်သစ် အားကစားသမားများစွာ ပေါ်ထွက်လာစေရေးအတွက် မြန်မာအားကစားအဖွဲ့ချုပ်များဖြင့် ပူးပေါင်း၍ လူရွေးချယ်ရေး၊ ‌လေ့ကျင့်ရေး၊ အောင်နိုင်ရေးအတွက် ရေတိုရေရှည်စီမံချက်များချမှတ်ကာ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း (၆) ကျောင်းအပြင် စစ်တွေမြို့နှင့် ဟားခါးမြို့တို့တွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ ထပ်မံဖွင့်လှစ် နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းရေးရာအနေဖြင့် အားကစားလုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဝန်ထမ်းသားသမီးများ၏ ပညာသင်နှစ်အလိုက်  ပညာသင်ထောက်ပံ့ပေးခြင်းများကိုလည်း နှစ်စဉ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ လူငယ်ရေးရာကဏ္ဍ ဆောင်ရွက်မှုများအနေဖြင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက်  နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများ၊ ရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်များနှင့်အညီ လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိလက်အောက်ဝန်ထမ်းများအပေါ် တွင်လည်း ညီအစ်ကို၊ မောင်နှမသဖွယ် ဆက်ဆံရန်လိုအပ်ကြောင်း၊  ဝန်ထမ်းများအနေဖြင့် ပေးအပ်ထားသည့် တာဝန်များကို မိမိကျရာအခန်းကဏ္ဍမှ မိသားစုစိတ်ဓါတ်နှင့် စည်းကမ်းရှိရှိ၊ တာဝန်သိသိ၊ စည်းလုံးပျော်ရွှင်စွာ ဖြင့် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများအားကစားပြိုင်ပွဲတို့တွင် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်ရရှိခဲ့ကြသူများ၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ဝန်ထမ်းသားသမီးများအတွက် ထောက်ပံ့ကြေးငွေများ၊ သင်တန်းအသီးသီးတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့်ဝန်ထမ်းများအား ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများက ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ပညာသင်ထောက်ပံ့ကြေးများကို အသီးသီး ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ဆုရကျောင်းသား/ကျောင်းသူများကိုယ်စား (၅)ဘာသာဂုဏ်ထူးရှင် မဟန်နီရဲဝင်းမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အားကစားကဏ္ဍနှင့် လူငယ်ရေးရာကဏ္ဍများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Vinay Kumur ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား မွန်းလွဲ(၁)နာရီတွင် ရုံးအမှတ်(၃၁)၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် အိန္ဒိယအစိုးရနှင့်ပူးပေါင်း၍ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်လာစေရေးကိစ္စရပ်များ၊ မြန်မာအားကစားသမားများ အိန္ဒိယနိုင်ငံသို့ ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်နိုင်ရေးနှင့် အိန္ဒိယနိုင်ငံမှ နည်းပြများ မြန်မာနိုင်ငံသို့ လာရောက်လေ့ကျင့်သင်ကြားပေးနိုင်ရေးကိစ္စရပ်များအားလည်းကောင်း၊ အိန္ဒိယ- မြန်မာမှလူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များတွင် ဆက်လက် ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေးနှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပူးပေါင်း ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ဆွေးနွေးပြောကြားခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ လဲလှယ်ခဲ့ကြောင်း သိရသည်။