အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ် ဆက်လက်ကျင်းပ

နေပြည်တော်၊ ဇူလိုင်(၂၅)။

ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဖူဆယ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေးနှင့် ဖူဆယ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့နံနက်(၇)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပခဲ့သည်။

ယနေ့ နံနက်ပိုင်းတွင် (အမျိုးသမီး)ပွဲစဉ်အဖြစ် တနင်္သာရီတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးကို (၃)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ (အမျိုးသား)ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို (၆)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာတွင် တစ်ဖက် (၃)ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို (၄)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၆)ဂိုး (၃)ဂိုးဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို (၃)ဂိုးပြတ်ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်(၁)ဂိုးစီ သရေရလဒ် ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

ဇူလိုင်(၂၆)ရက်နေ့ အုပ်စုပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက် (၇)နာရီမှစတင်၍ (အမျိုးသမီး)ပွဲစဉ်များတွင် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်း၊ ကချင်ပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်း၊ (အမျိုးသား)ပွဲစဉ်များတွင် မန္တလေး တိုင်းဒေသကြီးအသင်းနှင့် တနင်္သာတိုင်းဒေသကြီးအသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ချင်းပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ဖူဆယ်အားကစားကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။