အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင်လ(၂၄)ရက်။

၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ဖူဆယ်ပြိုင်ပွဲရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယအောင်သိန်း၊ ဒေါက်တာမှုထန်၊ ဦးမောင်ကို၊ ဒေါက်တာအောင်ကျော်မင်း၊ ဒေါက်တာ ကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများ၊ ဝန်ကြီးဌာနများမှဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲမှထူးချွန်ထက်မြက်သည့် သွေးသစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲမှတစ်ဆင့် သွေးသစ်လူငယ်ဘောလုံးသမားများကို ရွေးချယ်လေ့ကျင့်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားပါကြောင်း၊ ထို့ကြောင့် ပြိုင်ပွဲ၏အနှစ်သာရများ အကောင်အထည်ပေါ်လာအောင် တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးတို့သည် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ယနေ့ အမျိုးသားပွဲစဉ်အဖြစ် မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အသင်းတို့၏ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးဖူဆယ်ပြိုင်ပွဲကို ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ လာရောက်ယှဉ်ပြိုင်ကြသည့် ဖူဆယ်အားကစားသမားများ အချင်းချင်း သွေးစည်းညီညွတ်မှုခိုင်မာလာရေး၊ ပြည်ထောင်စုစိတ်ဓာတ် ပိုမိုထွန်းကားပြန့်ပွားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ဖူဆယ်အားကစားနည်းများ ပြန့်ပွားလာစေရေး၊ လူငယ်များ ဖူဆယ်အားကစားနည်းကို ပိုမို စိတ်ဝင်စားလာစေရေးနှင့် မြန်မာ့ဖူဆယ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲကို ဇူလိုင် ၂၄ ရက်မှ ၃၁ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်ပြိုင်ပွဲရုံ၌ ကျင်းပသွားမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၁ သင်း၊ အားကစားသမား စုစုပေါင်း ၃၅၀ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် စိတ်ပါဝင်စားသည့် မိဘပြည်သူများအနေဖြင့် အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။