အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး အသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇူလိုင်(၂၃)။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး အသင်း အုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို မွန်းလွဲ(၁) နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေး စခန်းရှိ Gold Medal Hall ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကား ပြောကြားရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဖူဆယ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေ ရေးနှင့်ဖူဆယ်အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ယခုပြိုင်ပွဲကို ကျင်းပပြုလုပ် ပေးရခြင်းဖြစ်ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများ ကြိုတင်ဖြန့်ဝေ ပေးထားပြီးဖြစ်သောကြောင့် လိုက်နာဆောင်ရွက်သွားစေလိုကြောင်း၊ ယခုအစည်းအဝေးတွင် စိစစ်အတည်ပြု ပြီးသော ကစားသမားများကို ထပ်မံ၍လူစားလဲလှယ်ခြင်း မပြုလုပ်ကြရန်နှင့် ထပ်မံကန့်ကွက်ခွင့် မပြုတော့ ပါကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားအနေဖြင့် မိမိတို့အသင်းအောင်နိုင်ရေးအတွက် အားကစားစိတ်ဓါတ် အပြည့်အဝဖြင့်ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲကျင်းပရေးကော်မတီမှချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန်နှင့် ဒိုင်လူကြီး၏ဆုံးဖြတ်ချက်သည်အတည်ဖြစ်၍ စောဒကတက်ခြင်းများ မပြုကြရန် လိုကြောင်း၊ ချမှတ်ထားသောစည်းကမ်းဘောင်အတွင်းယှဉ်ပြိုင်ကစားကြရန်၊ ခိုက်ရန်ဖြစ်ပွားခြင်းများ မပြုလုပ် ကြရန်နှင့်ပြုလုပ်သူများအား ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ကို အသင်းအုပ်ချုပ်သူနည်းပြများက အားကစားသမားများကို ကြိုတင်အသိပေးမှာကြားထားရန်လိုကြောင်း၊ ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်မှုမရှိစေရန် သမာသမတ်ကျကျ တရားမျှတစွာဖြင့် စည်းမျဉ်း/စည်းကမ်းများအတိုင်း ဆုံးဖြတ် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ယခုပြိုင်ပွဲတွင် ဆုရရှိသည့်အားကစားသမားများကို ဆုတံဆိပ်နှင့်ဆုဖလားများ အပြင် ဆုကြေးငွေအဖြစ် ပထမဆု(၂၀)သိန်း၊ ဒုတိယဆု(၁၅)သိန်း၊ တတိယဆု(၁၀)သိန်း၊ အကောင်းဆုံး အားကစားသမားဆု တစ်ဆုလျှင် (၁)သိန်းနှုန်းဖြင့် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က ပြိုင်ပွဲ ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးရဲလွင် က အားကစားသုတေသနဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ အားကစားဆေးဘက်ဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာထက်ဝေက ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ မြန်မာနိုင်ငံ ဖူဆယ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများလိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်း/စည်းကမ်းများ၊ ဥပဒေ/နည်းဥပဒေနှင့်ပတ်သက်၍လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/ နည်းပြများက ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပမှုဆိုင်ရာကိစ္စရပ်များ၊ လူတွေ့စစ်ဆေး ခြင်း၊ အုပ်စုမဲနှိုက်ခြင်းများ၊ ပွဲစဉ်ဇယားရေးဆွဲခြင်းများကို ပြုလုပ်ခဲ့ကြပြီးအစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ ဖူဆယ်ပြိုင်ပွဲကို (၂၄.၇.၂၀၂၃)မှ(၃၁၇.၂၀၂၃)အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်ရုံတွင် ပြိုင်ပွဲဝင် အမျိုးသား (၁၅)သင်း၊ အမျိုးသမီး(၁၁)သင်းတို့ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အစည်းအဝေးသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ အားကစားစီမံကိန်းနှင့် သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးရဲလွင်၊ အားကစားဆေးဘက်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထက်ဝေနှင့် ဖူဆယ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။