အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

တောင်ကြီး၊ သြဂုတ်လ(၂၃)ရက်။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို သြဂုတ်(၂၃)ရက်နံနက်(၇)နာရီခွဲအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ကျင်းပသည်။

ဖွင့်ပွဲတွင် ပြိုင်ပွဲဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားသမားများက ကွင်းအတွင်းနေရာယူကြပြီး ရှမ်းပြည်နယ်အစိုးရ အဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်( ၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို မိမိတို့ရှမ်းပြည်နယ်မှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ပြိုင်ပွဲကိုလာရောက်ယှဥ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ပြိုင်ပွဲတွင် အားကစားစိတ်ဓါတ်အပြည့်အဝနှင့် အသန့်ရှင်းဆုံးပါဝင်ယှဥ်ပြိုင်သွားကြရန် မှာကြားလိုကြောင်း၊ ပြိုင်ပွဲစည်းမျဥ်း၊ စည်းကမ်းများကိုလည်း လေးစားလိုက်နာကြပြီး ပြိုင်ပွဲမှတဆင့်နိုင်ငံတော်က အားထားရမည့် ထူးချွန်သည့် လက်ရွေးစင်အားကစားသမားကောင်းဖြစ်လာအောင် ကြိုးစားကြရန်ပြောကြားသည်။

ဆက်လက်၍အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က ပြိုင်ပွဲအား အမှာစကားပြောကြားပြီးအသက်(၁၉)နှစ်‌အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးလိုက်သည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများ အားကစားသစ္စာဓိဌာန်(၄)ချက် ရွတ်ဆိုပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြပြီး တောင်ကြီး ပညာရေးဒီဂရီကောလိပ်သင်တန်းသား၊ သင်တန်းသူများမှ တေးသရုပ်ဖော်ဖြင့် တင်ဆက်ပြသကြပြီး တောင်ကြီးပညာရေးဒီဂရီကော်လိပ်၊ အထက(၄) နှင့် အထက(၇) ဘင်ခရာအဖွဲ့များအား ပြည်နယ်ဝန်ကြီးချုပ်မှ လည်းကောင်း၊ ရှမ်းအိုးစည်အဖွဲ့ နှင့် အထက(၁) ဘင်ခရာအဖွဲ့အား ‌အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ လည်း‌ကောင်းဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

၎င်းနောက် ပြိုင်ပွဲပထမနေ့ပွဲစဥ်အဖြစ် ရှမ်းပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ၊အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြပြီး ရှမ်းပြည်နယ်အသင်းမှ မွန်ပြည်နယ်အသင်းကို (၃) ဂိုး (၀) ဖြင့် အနိုင်ကရ‌‌ရှိခဲ့ပြီး ယနေ့အတွက် အကောင်းဆုံးအားကစားသမားဆုကို ရှမ်းပြည်နယ်အသင်းမှ ကျောနံပါတ်(၁၀) ဖြူဖြူသွယ်မှ ရရှိခဲ့ကြောင်းသိရသည်။

ယနေ့ညနေ (၁၅:၀၀)အချိန်တွင် ဆက်လက်ကျင်းပရာ ကရင်ပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ (၅) ဂိုး (၄) ဂိုးဖြင့် ကရင်ပြည်နယ်အသင်းမှ အနိုင်ရရှိကာ အကောင်းဆုံးအားကစားသမားဆုကို ပဲခူးတိုင်းဒေသကြီးအသင်းမှ ကျောနံပါတ် (၆) ဝတ်ရည်လွင် မှ ရရှိခဲ့ပါသည်။

အဆိုပါ အသက်(၁၉)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်း(၁၄)သင်းကိုအုပ်စုလေးစုခွဲ၍ ပြည်နယ်အားကစားကွင်းနှင့် တောင်ကြီးတက္ကသိုလ်ကွင်းတို့တွင် ကွင်း(၂)ကွင်းခွဲကာကျင်းပသွားမည်ဖြစ်ကြောင်းနှင့် သြဂုတ်လ(၂၃)ရက်နေ့မှ စက်တင်ဘာလ(၇)ရက်နေ့ထိ ယှဥ်ပြိုင်ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် သိရှိရသည်။