အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U-19 ဘောလုံး (အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများအစည်းအဝေးကျင်းပ

တောင်ကြီး၊ ဩဂုတ်လ(၂၂)ရက်။

၂၀၂၃ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U -19 ဘောလုံး(အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ အစည်းအဝေးနှင့် ပြိုင်ပွဲဝင်အားကစားသမားများလူစစ်ဆေးခြင်းကို ယနေ့ နံနက်(၀၈:၀၀) နာရီအချိန်တွင်လည်းကောင်း၊ အသင်းအုပ်ချုပ်သူများ အစည်းအဝေးကို နံနက်(၁၀:၀၀)နာရီအချိန်တို့တွင် ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ အားကစားစီမံကိန်းနှင့် သုတေသနဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မိုးမိုး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ / နည်းပြများ ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးမှ ယခုလို ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းအားဖြင့် နိုင်ငံတော်အတွက် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာနိုင်မည်ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် သတ်မှတ်ထားသော စည်းမျဉ်း/ စည်းကမ်း များနှင့်အညီ ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ အနေဖြင့် အမှတ်ပေးစည်းမျဉ်း/ စည်းကမ်းများနှင့်အညီ စနစ်တကျကူညီဆောင်ရွက်ပေးစေလိုပါကြောင်း ၊ အုပ်ချုပ်သူ/နည်းပြများအနေဖြင့်လည်း စည်းမျဉ်း/ စည်းကမ်းများကို စနစ်တကျ နားလည်သဘော ပေါက်ရန်လိုအပ်ပြီး အုပ်ချုပ်သူ/နည်းပြများမှ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသွားခဲ့ပါသည်။

ဆက်လက်ပြီး အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မိုးမိုးမှ ပြိုင်ပွဲဝင်အားကစားသမားများ၏ ကိုယ်ရေးအချက်အလက်များကို ပေးထားသောဖောင်များတွင် မှန်ကန်စွာဖြည့်ပေးကြစေလိုပါကြောင်း ၊ ရရှိထားသည့်အချက်အလက်များကို စုပေါင်းပြီး အားနည်းချက်၊ အားသာချက်များကို အစီရင်ခံစာတွင် ရေးသားတင်ပြသွားမည်ဖြစ်ပါကြောင်း ပြောကြားသွားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒိုင်လူကြီး၊ ကြီးကြပ်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ၊ ပြိုင်ပွဲများကို (၂၃.၈.၂၀၂၃)ရက်နေ့မှ (၇.၉.၂၀၂၃)ရက်နေ့ထိ (၁၆)ရက်ကြာကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲနှင့်ပတ်သက်ပြီး မရှင်းလင်းသည့်စည်းမျဉ်း/ စည်းကမ်းများနှင့် ပတ်သက်သည်များကို ယခုတစ်ပါတည်းမေးမြန်းနိုင်ပါကြောင်း ၊ ယခုပြိုင်ပွဲတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒိုင်များဖြင့် ပြုလုပ်သွားမည်ဖြစ်ပါကြောင်း ၊ ဥပဒေပိုင်း ဆိုင်ရာကိစ္စရပ်များ ၊ပြိုင်ပွဲဝင်အားကစားအထောက်အကူပြုပစ္စည်းများနှင့် ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော အသင်းအုပ်ချုပ်သူများအား အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ ၊ စားသောက်နေထိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ဂရုတစိုက်ယှဉ်ပြိုင်ကစားသွားကြရန် ၊ ဒါဏ်ရာရရှိနိုင်သည့် အားကစားနည်းဖြစ်သည့်အတွက် အသင်းအုပ်ချုပ်သူနှင့် နည်းပြများအနေဖြင့် မိမိတို့၏ အားကစားသမားများကိုသေချာပြုလုပ်ပေးစေလိုပါကြောင်း ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားပြိုင်ပွဲဖြစ်သည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် အားကစားပြိုင်ပွဲတွင် ဆရာဝန် ၊ အကူသူနာပြုများဖြင့် အသင့်ရှိနေမည် ဖြစ်ပါကြောင်း၊ အားကစားသမားများ ၊ အုပ်ချုပ်သူ/နည်းပြများအနေဖြင့် နေမကောင်း ဖြစ်သည်များနှင့် ဒါဏ်ရာရရှိသူများကို ယာယီဆေးခန်းတွင် (၂၄)နာရီ အချိန်မရွေးလာရောက်ကုသနိုင်ကြောင်း ၊ သန့်ရှင်းရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ဖြည့်စွက်ပြောကြားသွားကာ အစည်းအဝေးသို့ တက်ရောက်ကြသူများမှ အထွေထွေဆွေးနွေးချက်များကို တင်ပြခဲ့ကြပြီးနောက် အုပ်စုမဲနှိုက်ခြင်းနှင့် ပွဲစဉ်ဇယားရေးဆွဲခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။

၂၀၂၃ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်း(၁၄)သင်းဖြင့် အုပ်ချုပ်သူ / နည်းပြနှင့် အားကစားသမား အင်အားစုစုပေါင်း (၂၅၂)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါပြိုင်ပွဲကို ပြည်နယ်အားကစားကွင်းနှင့် တောင်ကြီးတက္ကသိုလ်ကွင်းများတွင် (၂)ကွင်းခွဲကာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အစည်းအဝေးကို နံနက်(၁၁:၃၀) နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။