အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လှေလှော်ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအသင်းအုပ်ချုပ်သူများနှင့်ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်၊ဩဂုတ်လ(၉)ရက်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး လှေလှော်ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးအခမ်းအနားကို ယနေ့နေ့လယ်(၁)နာရီက ရန်ကုန်မြို့၊ အင်းလျားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် အတွင်းရေးမှူးနှင့် အမှုဆောင်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးမှ အသင်းအုပ်ချုပ်သူများတက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ အားကစားသမားများ အချင်းချင်း ချစ်ကြည် ရင်းနှီးမှုခိုင်မာလာစေရေးနှင့် လှေလှော်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများ အနေဖြင့် သွားလာနေထိုင်ရေးနှင့် စားသောက်ရေးကိစ္စရပ်များတွင် အဆင်ပြေချောမွေ့ စေရန် စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း၊ ပြိုင်ပွဲကျင်းပရာတွင် ကျန်းမာရေးနှင့် လုံခြုံရေးကို အထူးဂရုစိုက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် စီမံကိန်းနှင့်သုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မိုးမိုးက ပြိုင်ပွဲတိုင်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော အားကစားသမားများ၏ ပြိုင်ပွဲဝင်ရလဒ်များ စံချိန်စံနှုန်းများနှင့် အနိုင်ရဆုကြေးငွေများအား မှတ်တမ်းတင် သုတေသနပြုရမည်ဖြစ်၍ လိုအပ်သည့် အချက်အလက်များအား စနစ်တကျပြုစုပေးရန် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပြိုင်ပွဲ စည်းမျဉ်း / စည်းကမ်းများကို ရှင်းလင်းပြောကြားပြီးနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အုပ်ချုပ်သူများက သိလိုသည်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးအား ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါပြိုင်ပွဲကို ဩဂုတ်လ(၁၀)ရက်နေ့မှ (၁၁)ရက်နေ့အထိ ရန်ကုန်မြို့ အင်းလျားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့မှ လွဲ၍ အမျိုးသားအသင်း(၁၁)သင်း၊ အမျိုးသမီးအသင်း (၇)သင်းတို့ယှဉ်ပြိုင်သွားမည်ဖြစ်ရာ မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါကြောင်းသိရှိရသည်။