အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ခုနှစ်၊ (၄၇)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်၊ ဇူလိုင်လ(၁၈)ရက်။

၂၀၂၃ခုနှစ်၊(၄၇)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည်(၁၃း၃၀)နာရီ က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ခန်းမ (၃)၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဥပဒေချုပ် ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ကာယဗလနှင့်ကာယကြံ့ခိုင်မှုအဖွဲ့ချုပ် ဥက္ကဌ ဦးညီညီ၊ ဒုတိယဥက္ကဌများနှင့် အဖွဲ့ချုပ်တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

အစည်းအဝေး မစတင်မှီ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ယနေ့ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို တက်ရောက်လာသည့် တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေး၊ တည်းခိုနေထိုင်ရေး၊ ပြန်ကြားရေး၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေးကိစ္စရပ်များကို အထူးဂရုစိုက် ဆောင်ရွက်သွားရန်လမ်းညွန် မှာကြားခဲ့ပါသည်။

အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဥပဒေချုပ် ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားပြီးနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးထွန်းမြင့်ဦးက ၂၀၂၃-၂၀၂၄ ခုနှစ် အားကစားပြက္ခဒိန်အရ နေပြည်တော်တွင် အားကစားနည်း(၁၄)နည်း၊ ရန်ကုန်တွင် (၇)နည်း၊ ရှမ်းပြည်နယ်တွင် (၃)နည်း၊ မန္တလေးတွင် (၁)နည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၌ ကျင်းပပြုလုပ်သော ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တကွ အစိုးရအဖွဲ့ဝင်များမှ ဝိုင်းဝန်ကူညီကြသည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ ယခုပြိုင်ပွဲမှာလည်း အဖွဲ့ချုပ် အနေဖြင့် ကမ္ဘာ့အဆင့်ရှိ အားကစားပြိုင်ပွဲများတွင် အောင်မြင်စွာကျင်းပနိုင်ခဲ့သည့် အစဉ်အလားရှိသည့်အတွက် ယခုပြည်နယ်နှင့် တိုင်းဒေသကြီးပြိုင်ပွဲ၌လည်း အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်မည် ဖြစ်ကြောင်းနှင့် ပြိုင်ပွဲဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်မှ ဥက္ကဌနှင့် ဒုတိယဥက္ကဌတို့မှ ပြိုင်ပွဲနှင့် ပတ်သက်သည့် ကိစ္စရပ်များအား ဆွေး‌နွေးတင်ပြခဲ့ပြီးနောက် တက်ရောက်လာသည့် ပုဂ္ဂိုလ်များမှ အထွေထွေကိစ္စရပ်များအား ဆွေးနွေးတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်မှ ပြန်လည်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင် က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

၂၀၂၃ခုနှစ် ၊(၄၇)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကို ရန်ကုန်မြို့ မရမ်းကုန်မြို့နယ် မင်းဓမ္မလမ်းရှိ (MCC) ခန်းမ၌ ဇူလိုင်လ (၂၃)ရက်နေ့ တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အမျိုးသားအသင်း (၁၅) သင်း၊ အမျိုးသမီး အသင်း (၁၅) သင်းတို့ ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်းသိရှိရသည်။