အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်၊ သြဂုတ်လ(၁၃ရက်။

၂၀၂၂ခုနှစ်၊ ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာ အားကစားအဖွဲ့မှ အားကစားနည်း (၁၈)မျိုးဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး ပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရန် လက်ရှိကာလ၌ နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း၌ အားကစားနည်း(၁၀)မျိုး၊ ရန်ကုန်မြို့၌ အားကစားနည်း(၃)မျိုးအား စခန်းသွင်း လေ့ကျင့်လျက်ရှိရာ ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ မြန်မာ အားကစားအဖွဲ့များ COVID-၁၉ စည်းကမ်းနှင့်အညီ ဝဏ္ဏသိဒ္ဓိရှိ အားကစားကွင်း/ရုံ အသီးသီး၌ လေ့ကျင့် ဆောင်ရွက်နေမှုများကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် အားကစား လေ့ကျင့်ရေး စခန်းအတွင်းရှိ ပီတန်းအားကစားလေ့ကျင့်ရေးရုံ၌ ပီတန်း မြန်မာ့လက်ရွေးစင် အားကစားသမားများ လေ့ကျင့်နေမှုကို လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ ဖူဆယ် အားကစားရုံ၌ ဝူရှူးအားကစားနည်းမှ ဆန်းဆို(အတိုက်) အားကစားသမားများ လေ့ကျင့်နေမှုကို လည်းကောင်း၊ လက်ဝှေ့အားကစားရုံ၌ လက်ဝှေ့အားကစားသမားများ လေ့ကျင့်နေမှုကို လည်းကောင်း၊ ဘိလိယက်နှင့်စနူကာ အားကစားရုံ၌ ဘိလိယက် အားကစားသမားများ လေ့ကျင့်နေမှုကို လည်းကောင်း၊ တိုက်ကွမ်ဒို အားကစားရုံ၌ တိုက်ကွမ်ဒို အားကစားသမားများ လေ့ကျင့်နေမှုကို လည်းကောင်း၊ ပိုက်ကျော်ခြင်း အားကစားရုံ၌ ပိုက်ကျော်ခြင်း အားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း၊ ဗိုဗီနမ်အားကစားရုံ၌ ဗိုဗီနမ် အားကစားသမားများ လေ့ကျင့်နေမှုကို လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ(A)ရုံ၌ ဂျူဒို အားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိမြားပစ် အားကစားကွင်း၌ မြားပစ် အားကစားသမားများ လေ့ကျင့်နေမှု ကိုလည်းကောင်း အသီးသီး လိုက်လံ ကြည့်ရှုစစ်ဆေးပြီးနောက် အားကစားသမားများအား စိတ်ဓါတ်မြှင့်တင်အားပေးစကားပြောကြားရာတွင် အားကစားသမားများ အနေဖြင့် အားကစားအောင်မြင်မှု ရရှိစေရန်အတွက် လေ့ကျင့်မှု စဉ်ဆက်မပြတ် လေ့ကျင့်ရေးသည် အဓိကကျရာ အားကစားသမားများ ကျန်းမာကြံ့ခိုင်နေမှသာ လေ့ကျင့်နိုင်မည်ဖြစ်ပြီး ယခုအခါ COVID-၁၉ ရောဂါကာလတွင်း၌ လေ့ကျင့် နေရပါသောကြောင့် အားကစားသမား တစ်ဦးခြင်းအနေနှင့် ကျန်းမာရေးကို အထူး ဂရုစိုက်ပြီး COVID-၁၉ စည်းကမ်းနှင့်အညီ နေထိုင်လေ့ကျင့် သွားနိုင်ရေးအတွက် အားကစားသမားများ ကိုယ်တိုင် လိုက်နာဆောင်ရွက်ရန် အထူးအရေးကြီးပါကြောင်း၊ အားကစားသမားများသည် အားကစားနည်းအလိုက် အောင်မြင်မှုရရှိရန် အတွက် တစ်ဦးချင်းရော၊ အသင်းလိုက်ပါ စိတ်ဓါတ်ကောင်းမွန်ရန် အထူးအရေးကြီးပြီး အားကစား ယှဉ်ပြိုင်ရာတွင် မည်သည့်အခြေအနေမျိုးပင် ဖြစ်စေကာမူ နောက်ဆုံးအချိန် အထိ အနိုင်မခံ အရှုံးမပေးတိုက်ပွဲဝင် စိတ်ဓါတ်ဖြင့် ယှဉ်ပြိုင် အနိုင်ယူလိုစိတ်ကို မွေးမြူ ထားရှိရမည် ဖြစ်ပါကြောင်း၊ အားကစားသမားများ တစ်ဦးချင်းအနေနှင့် အားကစားဖြင့် နိုင်ငံဂုဏ်ကို ဆောင်နိုင်ရမည်ဟုသော ခံယူချက် မဖြစ်မနေထားရှိရန် လိုအပ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် ခန္ဓာကိုယ် ကြံ့ခိုင် သန်စွမ်းမှုကိုလည်း အထူးအလေးထား ထိန်းသိမ်းဆောင်ရွက် ရမည်ဖြစ်ပြီး လေ့ကျင့်ချိန်ကို ပုံမှန် ဂရုတစိုက် လေ့ကျင့်ရန်လိုသလို ကုန်ဆုံးသွားသောအင်အားများ ပြန်လည် ဖြည့်တင်းရန်အတွက် လုံလောက်သော အနားယူမှုနှင့် အာဟာရပြည့်ဝသော အစားအစာများကို အချိန် နှင့်ပုံမှန်စားသုံးရမည် ဖြစ်ပါကြောင်း၊ အားကစားသမားများ အနေဖြင့် တစ်ဦးချင်းစီ၏ အကျင့်စာရိတ္တ ကောင်းမွန်ရေးသည်လည်း အရေးကြီးပါကြောင်း၊ အားကစားသမားများ အချင်းချင်း စည်းလုံး ညီညွတ်စွာ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီမှုဖြင့် မိသားစုစိတ်ဓါတ်နှင့် နေထိုင်ရမည်ဖြစ်ပြီး ဉပဒေအရ သတ်မှတ်ထားသော တားမြစ်ဆေးဝါးများကို မသုံးစွဲရန် လိုအပ်ပါကြောင်း၊ အားကစားသမားအနေဖြင့် ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ရာတွင် သက်ဆိုင်ရာ နည်းပြများ၏ လေ့ကျင့်မှု နည်းစနစ်များနှင့် ပြိုင်ပွဲတွင်ပေါ်ပေါက်လာသော ပြိုင်ဘက် အားကစားသမားများ၏ အားနည်းချက်၊ အားသာချက်များကို သုံးသပ်၍ မိမိ၏ အားသာချက်များဖြင့် ဉာဏ်ရည်ရှိသလို အသုံးချကာ အောင်မြင်မှုရရှိအောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယခုလို လေ့ကျင့်ရေးကာလ အတွင်း၌ အားကစားသမားများ၏ နေထိုင်စားသောက်မှု လေ့ကျင့်ရေး အထောက်အကူပြုပစ္စည်းများ၊ အခြား အုပ်ချုပ်မှု လိုအပ်ချက်များ၊ ကိုယ်ရေးကိုယ်တာမိသားစုအခက်အခဲများ ကိုယ်စီရှိလာပါက သက်ဆိုင်ရာ တာဝန်ရှိသူများအား အချိန်နှင့် တပြေးညီ တင်ပြရန်လိုအပ်ပါကြောင်း၊ မိမိတို့မှ အမြန်ဆုံးနှင့် အကောင်းဆုံးပုံစံဖြင့် မိသားစုစိတ်ဓါတ်သဖွယ် တာဝန်ယူ ဖြေရှင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း နည်းပြများအနေဖြင့်လည်း အားကစားသမားများ နှင့်အတူတကွ နေထိုင်လေ့ကျင့်ပေးနေရပါသောကြောင့် အားကစားသမားများအား မိမိတို့ သားသမီးများပမာ ရင်အုပ်မကွာ စောင့်ရှောက် ရန်လိုအပ်ပြီး လိုအပ်ချက်များ ရှိပါက တာဝန်ရှိသူများအား အချိန်နှင့်တပြေးညီတင်ပြဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း အားကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး ပြောကြားခဲ့ပါသည်။

လက်ရှိမြန်မာအားကစားအဖွဲ့များအနေဖြင့် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်းနှင့် ရန်ကုန်အားကစားလေ့ကျင့်ရေးစခန်းများတွင် လေ့ကျင့်မှုများ အပြင် ပြည်ပနိုင်ငံများသို့ အလေးမ၊ ပြေးခုန်ပစ်၊ ဝူရှူး၊လက်ဝှေ့ဘောလီဘော ကနူး/ကယက် အားကစားနည်း(၆)မျိုးမှ အားကစားသမား(၇၉)ဦးဖြင့် သွားရောက် လေ့ကျင့်လျက် ရှိကြောင်း သိရှိရပါသည်။