အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ်(၂/၂၀၂၁) သင်တန်းဖွင့်ပွဲအခမ်းအနားနှင့် ၂၀၂၂ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲ ဆက်လက်ကျင်းပနေမှုအား တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ဒီဇင်ဘာလ(၂၇)ရက်။

ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအနေဖြင့် စည်းမျဉ်း/စည်းကမ်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိနားလည်ပြီး လုပ်ငန်းတာဝန်များကို အခက်အခဲမရှိဘဲ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်နှင့်  စာရင်း စစ်ကန့်ကွက်ချက်များ မရှိစေရေးအတွက်ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာန အနေဖြင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ်(၂/၂၀၂၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉) နာရီအချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ(Multipurpose Hall) ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် ဌာနခွဲအလိုက် ညွှန်ကြားရေးမှူးများ တတ်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ သင်တန်းတွင်သင်ကြားပို့ချမည့် သင်တန်းနည်းပြဆရာမနှင့် သင်တန်းတက်ရောက်မည့် သင်တန်းသား/ သင်တန်းသူများမှ တစ်ဦးချင်း မိတ်ဆက် ဂါရဝပြုခဲ့ကြပါသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင်

– ဘဏ္ဍာရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှုကိစ္စရပ်များသည် ဝန်ကြီးဌာနတိုင်းတွင် အရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်ကြောင်း၊

– အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဘဏ္ဍာရေး ဆိုင်ရာလုပ်ငန်းတာဝန်များ ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း/စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများအား သိရှိနားလည်စေရန်အတွက် ယခု သင်တန်းအား ဒုတိယအကြိမ် ဆက်လက်ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊

– ငွေစာရင်းကိစ္စများနှင့်ပတ်သက်ပြီး စာရင်းသွင်းမမှန်ခြင်း၊ ခွင့်ပြုချက်အတိုင်းသုံးစွဲမှုမရှိခြင်း၊ အသုံးစရိတ်များမှန်ကန်အောင် သုံးစွဲမှုမရှိခြင်း စသည့်ဖြစ်စဉ်မျိုးနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို တိကျသေချာစွာ မသိရှိကြသည့်အတွက် စာရင်းစစ်ကန့်ကွက်ချက်များ ဖြစ်ပေါ်နေလျက်ရှိကြောင်း၊

– မိမိတို့လက်ရှိ တာဝန်ယူလုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းအတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး ရုံးလုပ်ငန်းများကို စာတွေ့/လက်တွေ့ အသုံးချ၍ ဆောင်ရွက်လုပ်ကိုင်ကြဖို့မှာကြားလိုကြောင်း၊

– ဘတ်ဂျက်ရေးဆွဲရာတွင် အခြေခံရမည့်အချက်အလက်များအား သိရှိနားလည်ပြီး ဘတ်ဂျက် ကျော်လွန်သုံးစွဲမှုမဖြစ်စေရေးနှင့် အလွဲသုံးစားမှုများ မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူ အဆင့်ဆင့်မှလည်း အထူးကြပ်မတ် ဆောင်ရွက်သွားဖို့မှာကြားလိုကြောင်း၊

– သင်တန်းသား/သင်တန်းသူများအနေဖြင့် Covid-၁၉ရောဂါပိုး ကူးစက်ပျံနှံမှုမရှိအောင် ကျန်းမာရေးအား အထူးဂရုစိုက်ပြီးနေထိုင်ကြရန်နှင့် သင်တန်းကာလအတွင်း နေထိုင်စားသောက်မှု ကိစ္စရပ်များနှင့် ကျန်းမာရေးကိစ္စရပ်များတွင် အခက်အခဲများရှိပါက တာဝန်ရှိသူများအား ပွင့်လင်းစွာ သတင်းပို့တင်ပြသွားကြရန်လိုအပ်ကြောင်း၊

– ဝန်ထမ်းများ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီစောင့်ရှောက်ကြရန်နှင့် လူတစ်ဦးတစ်ယောက်စီ တိုင်းတွင် အရည်အချင်း ကိုယ်စီရှိကြသည့်အတွက် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးလေးစားစား ဆက်ဆံပြောဆို၍ အတွေ့အကြုံများဖလှယ်ပြီး မျှဝေသွားကြရန်လိုအပ်ကြောင်း၊

– တစ်ဦးကောင်းတစ်ယောက်ကောင်းစိတ်မမွေးဘဲ မိမိတို့ဌာနတိုးတက်အောင် ကြိုးစား ဆောင်ရွက်ကြရန်နှင့် မိမိတို့ဒေသသို့ပြန်လည်ရောက်ရှိသည့် အခါပေးအပ်သည့် တာဝန်ဝတ္တရား များကို ကျေပွန်အောင်ထမ်းဆောင်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းသင်တန်းအမှတ်စဉ် (၂/၂၀၂၁) သင်တန်းအား အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ (ဝန်ထမ်း) သင်တန်းသား/သင်တန်းသူ (၂၃)ဦးတို့မှ သင်တန်းတက်ရောက်သွားမည်ဖြစ်ပြီး သင်တန်းတွင် ဘဏ္ဍာရေးဆိုင်ရာသင်ခန်းစာများအား ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သူဇာဟန်မှ သင်းကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းအား ဒီဇင်ဘာလ(၂၇)ရက်နေ့ မှ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၅)ရက်နေ့အထိ (၁)လကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည် ဖြစ်ပါသည်။

 ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂ခုနှစ် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများအား ဆက်လက်ကျင်းပပြုလုပ်လျက် ရှိသော ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံ ၌ ဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ် အဖြစ် ပြည်ထဲရေးဝန်ကြီးဌာန (အမျိုးသမီး)အသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (အမျိုးသမီး)အသင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (အမျိုးသား)အသင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာန(အမျိုးသား)အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအားလည်းကောင်း၊ ဝဏ္ဏသိဒ္ဓီအားကစားရုံ (C) ရုံ၌ ကျင်းပပြုလုပ်လျက်ရှိသော ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအားလည်းကောင်း ကြည့်ရှု့အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။