အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်၊ ဩဂုတ်(၂၁)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ရွှေကြာပင်အားကစားကွင်း၌ ပြည်သစ်စံဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် (၄၈၀ ပေ x ၆၀ ပေ) RC (၂)ထပ် အနောက်ဘက် အထူးတန်း ပွဲကြည့်စင်နှင့် Greeco ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် (၁၈၀ပေ x ၁၅၀ပေ) မိုးလုံလေလုံအားကစားရုံ တည်ဆောက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦများ ရေရှည်တည်တံ့စေရေးနှင့် စံချိန်စံညွှန်းပြည့်မှီပြီး သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးစေရေးအတွက် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ  စားရိပ်သာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် လူငယ်မျိုးဆက်သစ်အားကစားသမားများ၏ အရည်အချင်း တိုးတက်မြင့်မားလာစေရန်နှင့် မြန်မာ့လက်ရွေးစင်အားကစားသမားကောင်းများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ စခန်းသွင်းလေ့ကျင့်သင်ကြားပေးလျက်ရှိသည့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)မှ အားကစားနည်းအလိုက် အုပ်ချုပ်/နည်းပြ၊ အားကစားသမားများအား နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ  Multipurpose Hall ၌  ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကားပြောကြားရာတွင် လူငယ်အားကစားသမားများကို စခန်းသွင်း လေ့ကျင့်သင်ကြားပေးသည့်ကာလ (၁)နှစ်ခွဲကျော် ကြာမြင့်ပြီးဖြစ်သည့်အတွက် နည်းပြများအနေ ဖြင့် မိမိအားကစားသမားများ၏ တိုးတက်မှုမှတ်တမ်း စနစ်တကျ ထားရှိပြီး တိုးတက်မှု ရှိ/မရှိ ဆန်းစစ်၍ လိုအပ်ချက်များ၊ အားနည်းချက်များကို ပြုပြင်၍ သင်ကြားလေ့ကျင့်ပေးရန်လိုကြောင်း၊ အားကစားသမားများမှလည်း နည်းပြများ၏ သင်ကြားပြသလေ့ကျင့်ပေးသည့်အတိုင်း မိမိတို့၏ အရည်အသွေးများ တိုးတက်စေရန်အတွက် ဇွဲ၊ လုံ့လ၊ ဝိရိယ စိုက်ထုတ်၍ အစွမ်းကုန် ကြိုးစားလေ့ကျင့်ကြရန်လိုကြောင်း၊ Youth Camp တွင် စခန်းသွင်း လေ့ကျင့်နေသည့် အားကစားသမားများဖြစ်သည့်အတွက် မျိုးဆက်သစ်အားကစားသမားများ၏ စံပြဖြစ်နေရန်လိုကြောင်း၊ နည်းပြများအနေဖြင့် ပြောင်းလဲတိုးတက်နေသည့် နည်းစနစ်များ၊ နည်းဉပဒေများနှင့် စည်းမျဉ်း/ စည်းကမ်းများကို အမြဲတမ်းလေ့လာဆည်းပူးနေရန်လိုကြောင်း၊ မိမိအားကစားသမားများကိုလည်း စနစ်တကျ ပြန်လည်သင်ကြားလေ့ကျင့်ပေးရန်လိုကြောင်း၊ အားကစားသမားများ၏ တိုးတက်မှုအခြေအနေကို (၁)လ အချိန်ပေးစောင့်ကြည့်သွားမည်ဖြစ်၍ ယခင်ရရှိထားသည့် စံချိန်/စံညွှန်းများထက် ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြား ခဲ့သည်။

ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အားကစားနည်းအလိုက် နည်းပြလိုအပ်ချက်များ၊ လေ့ကျင့်မှု၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ပြီးနောက် အခမ်းအနား တက်ရောက်လာကြသည့် အားကစားနည်းအလိုက် အုပ်ချုပ်/နည်းပြ၊ အားကစားသမားများမှ လေ့ကျင့်မှုနှင့် နေထိုင်စားသောက်မှုဆိုင်ရာ လိုအပ်ချက်များအား တင်ပြခဲ့ရာ ဒုတိယဝန်ကြီးက  လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်းမှ တာဝန်ရှိသူများနှင့် အားကစားနည်းအလိုက် အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြောင်းသိရသည်။