အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားတက်ရောက်

နေပြည်တော်၊ ဩဂုတ်(၇)ရက်။

လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၁)နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့၊ နည်းပညာတက္ကသိုလ်၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အသိပညာ ဗဟုသုတများနှင့်ပြည့်စုံသည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ တက္ကသိုလ်များ၊ ကောလိပ်များ နှင့် အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများနှင့် လူငယ် စကားဝိုင်းများကို လစဉ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တစ်မျိုးသားလုံးသက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခု ဖြစ်ပါကြောင်း၊ လူငယ်လူရွယ်များသည် တိုင်းပြည်၏ အဖိုးတန်ရတနာများ ဖြစ်သည့်အတွက် နိုင်ငံတိုင်းနိုင်ငံတိုင်း၌ လူငယ်ပြုစုပျိုးထောင်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် တိုင်းပြည်နှင့်လူမျိုးအပေါ် ချစ်ခင်မြတ်နိုး တန်ဖိုးထားစိတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်နိုင်သည့် လူငယ်များဖြစ်လာအောင် ကြိုးစားနေထိုင်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက လူငယ်ရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက လူငယ်နှင့်အားကစားခေါင်းစဉ် ဖြင့်လည်းကောင်း၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောဆွေးနွေးခဲ့ပြီးနောက် ကျောင်းသား/ကျောင်းသူများကို ဗဟုသုတ ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခဲ့ပြီး အမှတ်တရဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အားကစားပစ္စည်းများ ပေးအပ် လှူဒါန်းခဲ့ရာ နည်းပညာတက္ကသိုလ်(ရမည်းသင်း)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာမြတ်သူက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ ဟောပြောပွဲအခမ်းအနားအား ရုပ်သိမ်း ခဲ့ကြောင်းသိရသည်။