အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်နှင့် လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံမိတ်ဆက်ခြင်းနှင့်လမ်းညွှန်အမှာစကားခံယူခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင် (၂၄)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်နှင့် လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံမိတ်ဆက်ခြင်းနှင့် လမ်းညွှန်အမှာစကားခံယူခြင်း အခမ်း အနားကို ယနေ့နံနက်(၁၀:၀၀) အချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းနှင့် ညွှန်ကြားရေးမှူးများ၊ အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဓိကကဏ္ဍများ၊ လူငယ်အသိပညာပေးဟောပြောပွဲများ၊အသက်မွေးဝမ်းကျောင်း သင်တန်းများနှင့် အစီအစဉ်များကို ဆောင်ရွက်မှုအခြေအနေများ၊ အာဆီယံတွင် တာဝန်ယူဆောင်ရွက်နေသည့် လူငယ်ရေးရာလုပ်ငန်းစဉ်များ၊ အာဆီယံလူငယ်ဆိုင်ရာ အစည်းအဝေးများ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေမှုအခြေအနေများနှင့် လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက်ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးအား လူငယ်ရေးရာဦးစီးဌာနရှိ စီမံခန့်ခွဲရေးနှင့်ဘဏ္ဍာရေးဌာနခွဲ၊ လူ့စွမ်းအားအရင်းအမြစ်၊ လေ့ကျင့်ရေးနှင့်အသိပညာပေးဌာနခွဲ၊ သတင်းပြန်ကြားရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာနခွဲနှင့် မသန်စွမ်းလူငယ်များဌာနခွဲတို့မှ အရာထမ်း/အမှုထမ်းများက တစ်ဦးချင်း ဂါရဝပြုမိတ်ဆက်ခဲ့ကြပါသည်။

ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်က နှုတ်ခွန်းဆက် လမ်းညွှန်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသည် ယခုမှအသစ်ဖွဲ့စည်းထားသည့်ဦးစီးဌာနဖြစ်သည့်အတွက် ဝန်ကြီးဌာန အသီးသီးမှ ပြောင်းရွေ့တာဝန်ထမ်းဆောင်လာကြသော ဝန်ထမ်းများနှင့် အသစ်ထပ်မံခန့်ထားသည့် ဝန်ထမ်းများမှ မိမိတို့ဦးစီးဌာန တိုးတက်အောင် အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် အခက်အခဲတစ်စုံတစ်ရာရှိပါက တာဝန်ရှိသူများမှတစ်ဆင့် မိမိထံသို့ တင်ပြသွားပြီး မိမိမှလည်းအတက်နိုင်ဆုံးကူညီဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဦးစီးဌာနမှ ချမှတ်ထားသည့် ရည်မှန်းချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များအား ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် အခမ်းအနားအား နံနက်(၁၁:၃၀)အချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးဦးဇင်မင်းထက်သည် ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းနှင့် တာဝန်ရှိသူများနှင့်အတူ ဌာနခွဲ(၄)ခုသို့ လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။