အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် GENDER/ CEDAW/ NSPAW/ UNSCR 1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင်(၁၈)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် GENDER/ CEDAW/ NSPAW/ UNSCR 1325 အသိပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမျိုးလှိုင်၊ ဒေါက်တာစိုးဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝန်ထမ်းများအနေဖြင့် အမျိုးသမီးများ၏ အခန်းကဏ္ဍများကို ပိုမိုသိရှိနားလည်စေရန် လူငယ်မူဝါဒ၏ ကဏ္ဍတစ်ခုဖြစ်သည့် ကျား/မတန်းတူညီမျှမှုရရှိစေရေး အမျိုးသမီးငယ်များအားလုံး စွမ်းပကားတိုးမြှင့်စေရေးတို့ကို ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံနှင့်လူမျိုး အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်အသီးသီးတွင် အမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူရင်ဘောင်တန်းပြီး လွတ်လပ်စွာ ပါဝင်ဆောင်ရွက်လျက်ရှိကြသည့်အတွက် စီးပွားရေး၊ လူမှုရေးနယ်ပယ်များနှင့် အသိပညာ၊ အတတ်ပညာ၊ အနုပညာဆိုင်ရာနယ်ပယ်များတွင် ထူးချွန်ထက်မြက်ပြီး ဂုဏ်ယူဖွယ်၊ စံပြအားထားဖွယ် အမျိုးသမီးများ များစွာပေါ်ထွက်ခဲ့ပါကြောင်း၊ အမျိုးသမီးများအနေဖြင့် အခြေခံအကျဆုံးဖြစ်သည့် မိသားစုတာဝန်မှစ၍ ကဏ္ဍစုံ၊ နယ်ပယ်စုံများတွင် အမျိုးသမီးများ၏အခန်းကဏ္ဍသည် တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်မြင့်မားနေသည်ကို တွေ့မြင်နေရပါကြောင်း၊ နိုင်ငံတကာနှင့်အာဆီယံဒေသအဆင့်တွင် မြန်မာနိုင်ငံ၏ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကတိကဝတ်ပြုမှုများကို အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် ဒေသဆိုင်ရာကော်မတီအဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်နေမှုများကို သိရှိရပါကြောင်း၊ ၂၀၂၃ခုနှစ် မတ်လ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့၏ “ကျား/မ တန်းတူညီမျှဖို့ နည်းပညာနှင့် ဆန်းသစ်စို့” ဆောင်ပုဒ်ကလည်း အမျိုးသမီးများနှင့် ထိခိုက်လွယ်အုပ်စုများကို နည်းပညာလက်လှမ်းမီ ရရှိစေခြင်းဖြင့် အမျိုးသမီးများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြစ်ပြီး ကျား/မ တန်းတူညီမျှမှု ပိုမို မြှင့်တင်ပေးစေနိုင်မည့် အလားအလာကောင်းများကိုလည်း ဖြစ်ပေါ်စေနိုင်ပါကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်များဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် လူငယ်ရေးရာမူဝါဒများနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး မူဝါဒတွင်ပါရှိသည့် ငြိမ်းချမ်းရေးနှင့် ဘဝလုံခြုံရေးကဏ္ဍ၊ ကျား/မ ညီမျှမှုကဏ္ဍနှင့် ဆုံးဖြတ်ချက်ချရမည့် အခန်းကဏ္ဍများ၌ အမျိုးသမီးများ၏ ခေါင်းဆောင်မှုနှင့် ရပိုင်ခွင့်များကို တန်းတူအခွင့်အရေးပေးရန်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် မျှတသော ဖွံ့ဖြိုးတိုးတက်မှုများအတွက် အမျိုးသားနှင့်အမျိုးသမီးများအကြား ထိရောက်စွာ မိတ်ဖက်ပြုဆောင်ရွက်သော အလေ့အထကို တိုးမြှင့်ခြင်းဖြင့် နှစ်ဦးနှစ်ဘက်အကျိုးရှိကြောင်း သိရှိလာစေရန်အတွက် လူငယ်မူဝါဒတွင် အမျိုးသမီးကဏ္ဍများကို ထည့်သွင်းရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိသားစု၊ လူ့အဖွဲ့အစည်းများမှတဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအတွက် ကဏ္ဍစုံမှဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးကို ဆောင်ရွက်နေကြပြီဖြစ်ပြီး အမျိုးသမီး၊ အမျိုးသားအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကာ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် အမျိုးသမီးထုကြီး၏အင်အားဖြင့် အကောင်အထည်ဖော်ကြရန်နှင့် အမျိုးသမီးများ၏ အခွင့်အရေးများကို အလေးထားဆောင်ရွက်ပြီး စွမ်းဆောင်ရည်များ မြှင့်တင်ပေးနိုင်စေရန် ရည်ရွယ်၍ ယခုသင်တန်းအား ပူးပေါင်းဖွင့်လှစ်သင်ကြားပေးသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါသင်တန်းအား လူမှုဝန်ထမ်းဦးစီးဌာနမှ သင်တန်းနည်းပြဆရာမ (၅)ဦးတို့က ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သင်ကြားပို့ချပေးသွားမည်ဖြစ်ရာ လူငယ်ရေးရာဦးစီးဌာနမှ သင်တန်းသား/သင်တန်းသူ(၃၀)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်းသိရသည်။