အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ (၆)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းပြီးနောက်ပိုင်း အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ယခုတွေ့ဆုံပွဲသည် ဒုတိယအကြိမ် ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ပထမအကြိမ် ဝန်ထမ်းများနှင့်တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲကို (၂၅.၁၁.၂၀၂၂) ရက်နေ့တွင် ပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါအခမ်းအနားတွင် တင်ပြခဲ့သည့် ဝန်ထမ်းများ၏ အခက်အခဲတင်ပြချက်များကို ဖြေရှင်းဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ဌာနခွဲများ၊ အား/ကာသိပ္ပံကျောင်းများနှင့် ပြည်နယ်/တိုင်းဒေသကြီးများမှ အရာထမ်းအဆင့် အမျိုးသားအားလုံးအတွက် ယူနီဖောင်းအင်္ကျီများကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ထပ်မံ၍ ဝန်ကြီးရုံး၊ ရုံးချုပ်နှင့် အား/ကာသိပ္ပံကျောင်းများမှ ယာဉ်မောင်း (၅)အဆင့်အထိ အမျိုးသားအမှုထမ်းများနှင့် ပြည်နယ်/တိုင်းများမှ အငယ်တန်းစာရေးအဆင့်အထိ အမျိုးသားဝန်ထမ်း (၁၀၀၀)ဦးတို့အား ယူနီဖောင်းအင်္ကျီများထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အစီအမံဖြင့် ဝန်ထမ်းများအတွက် ဝတ်စုံစရိတ် (၃၀၀၀၀) ကျပ်ကိုလည်း (၅.၁.၂၀၂၃) ရက်နေ့တွင် အရာထမ်း/အမှုထမ်းများအားလုံးကို ထုတ်ပေးပြီးဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ခန့်ထားရေးနှင့် ပြောင်းရွှေ့နေရာချထားရေးအတွက် EC တွင် တင်ပြဆုံးဖြတ်ချက်ဖြင့် ရာထူးတိုးမြှင့်ခန့်ထားရေးကိစ္စကို တစ်နှစ်လျှင် (၂)ကြိမ်၊ ပြောင်းရွှေ့နေရာချထားရေးကိစ္စများကို တစ်နှစ်လျှင် (၃)ကြိမ် သတ်မှတ်ပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ထမ်းများ စည်းကမ်းဖောက်ဖျက်ခြင်းနှင့် တာဝန်ပျက်ကွက်လျှင် ထိထိရောက်ရောက် အပြစ်ပေးအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ဝန်ထမ်းများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေ/နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ တာဝန်ထမ်းဆောင်စေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ခွင့်တောင်းခံခြင်းကိစ္စများ၊ ရုံးစာရွက်စာတမ်းလုံခြုံရေးကိစ္စများကို လူမှုကွန်ယက် စာမျက်နှာများပေါ်သို့တင်ပြခြင်းများ မပြုလုပ်ကြရန်မှာကြားလိုကြောင်း၊ မကြာမီ ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာတော့မှာဖြစ်သည့်အတွက် ရုံးများ၊ အားကစားကွင်း/အားကစားရုံများ၊ ဝန်ထမ်းအိမ်ရာများတွင် မီးဘေးအန္တရာယ်ကင်းရှင်းရေးကို ကြိုတင်စီမံဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ လမ်းညွှန်ချက်အရ ရုံးအဆောက်အဦများ၊ အားကစားကွင်း/အားကစားရုံများတွင် လျှပ်စစ်မီးသုံးစွဲမှုနှင့် ပတ်သက်၍ စနစ်တကျ ဂရုတစိုက် စိစစ်ပြီးဆောင်ရွက်စေလိုကြောင်း၊ ဝန်ထမ်းအိမ်ရာများ၊ ရုံးအဆောက်အဦများနှင့် အားကစားကွင်း/အားကစားရုံများ သန့်ရှင်းသာယာလှပမှုရှိစေရေးကိုလည်း ဂရုတစ်စိုက် ဆောင်ရွက်ပေးကြရန် ထပ်မံမှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနခွဲအသီးအသီးမှ အရာထမ်း/အမှုထမ်းများက ၎င်းတို့၏ အခက်အခဲများကို တင်ပြခဲ့ကြပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက လိုအပ်သည်များကို ဖြည့်စွက်ပြောကြားခဲ့သည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အနေဖြင့် ဝန်ကြီးဌာန၏ လုပ်ငန်းကိစ္စများကို အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ယခုပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲ၌လည်း ဝန်ထမ်းများ၏ အခက်အခဲများ ကို တင်ပြဆွေးနွေးနိုင်ပါကြောင်း၊ ဆောင်ရွက်ပေးနိုင်သည်များကို ချက်ချင်းဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ တင်ပြခွင့်ပြုချက်ဖြင့် ဖြေရှင်းရန်လိုအပ်သည့် ကိစ္စများကိုလည်း ဆက်လက်တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြတပ်ခွဲ၊ အထိမ်းအမှတ်ပြခန်းများ၊ အလှပြ ယာဉ်နှင့် ထိုင်ကြည့်စစ်ကြောင်းများတွင် ပါဝင်ခဲ့ကြသော ဝန်ထမ်းများအားလုံး၊ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများအားလုံးကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။