အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံ

နေပြည်တော်၊ ဇန်နဝါရီ(၂၀)။

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ  Multi Purpose Hall ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။

အစီအစဉ်အရ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ဖနွမ်းပင်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ အားကစားနည်း(၂၀)နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ အားကစားနည်းများအနက်မှ အားကစားနည်း (၁၆)နည်းအတွက် Technical Hand Book များကို သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များသို့ ဖြန့်ဝေပေးထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါ Technical Hand Book တွင် ပြင်ဆင်ဖြည့်စွက်လိုသည့် အချက်များရှိပါက အားကစားနည်းအလိုက် ဆွေးနွေးတင်ပြပေးစေလိုကြောင်း၊ SEA Games ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၂)ရက်နေ့မှစတင်၍ စခန်းသွင်းလေ့ကျင့်ပေးလျက်ရှိရာ ယခုဆိုလျှင် အချိန်ကာလအနေဖြင့် (၆)လကျော်ရှိပြီဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လက်ရှိစခန်းဝင် လေ့ကျင့်နေသည့် အားကစားသမားများ၏ စံချိန်စံညွှန်း အရည်အချင်းတိုးတက်မှုအခြေအနေများနှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးတင်ပြပေးစေလိုကြောင်း၊ ဒါ့အပြင် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများမှ လေ့ကျင့်ရေးသုံးနှင့် ပြိုင်ပွဲသုံး အားကစားအထောက်အကူပြုပစ္စည်းများ ဝယ်ယူပြီးစီးမှုအခြေအနေများနှင့် ပြိုင်ပွဲမတိုင်ခင် (၂)လအလို ပြိုင်ပွဲသုံး အားကစားအထောက်အကူပြုပစ္စည်းများ စုံလင်မှုရှိစေရေး စိစစ်ဆောင်ရွက်သွားရန်လိုကြောင်း၊ SEA Games ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းအလိုက် အားကစားသမားများ အရေအတွက်ကို ဇန်နဝါရီလ(၂၇)ရက်နေ့နှင့် အားကစားသမားများ၏အမည်စာရင်းကို မတ်လ(၅)ရက်နေ့ နောက်ဆုံးထား၍ သက်ဆိုင်ရာဌာနသို့ ပေးပို့ရမည်ဖြစ်ပါကြောင်း၊ အိုလံပစ်အားကစား နည်းဖြစ်သည့် ရေကူးအားကစားနည်းနှင့် တင်းနစ်အားကစားနည်းများကို Camp သွင်းလေ့ကျင့်နိုင်ရေးနှင့် SEA Games တွင်ပါဝင်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။

ထို့နောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာ အားကစားနည်းအလိုက် တာဝန်ရှိသူများမှ Technical Hand Book တွင် ပြင်ဆင်ဖြည့်စွက်လိုသည့် အချက်များအားလည်းကောင်း၊ လေ့ကျင့်ရေးသုံး အားကစားအထောက်အကူပြုပစ္စည်းများနှင့် ပြိုင်ပွဲသုံး အားကစားအထောက်အကူပြုပစ္စည်းများ ဝယ်ယူပြီးစီးမှုအခြေအနေများအားလည်းကောင်း၊ စခန်းဝင်လေ့ကျင့်နေသည့် အားကစားသမားများ၏လေ့ကျင့်မှု စံချိန်စံညွှန်း အရည်အချင်း တိုးတက်မှုအခြေအနေများ အားလည်းကောင်း အသီးသီး ဆွေးနွေးတင်ပြခဲ့မှုများအပေါ် ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။