အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော်၊ ဇန်နဝါရီ (၉)။

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်(၁၂)နာရီခွဲတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့်ကျင်းပခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တာဝန်ခံ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဦးစီးဌာန(ရုံးချုပ်)နှင့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဆောင်ရွက်နေသည့် ရုံးလုပ်ငန်းကိစ္စများ၊ ဘတ်ဂျက်သုံးစွဲမှုအခြေအနေများ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အခက်အခဲ လိုအပ်ချက်များကို တင်ပြဆွေးနွေးနိုင်ရန်ရည်ရွယ်၍ ယခုအစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း၊ တာဝန်ခံ ညွှန်ကြားရေးမှူးများမှ ဝန်ထမ်းများ ရုံးလုပ်ငန်းစည်းမျဉ်း/စည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန်နှင့် ဌာန၏ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေမည့်ကိစ္စရပ်များ မပြုလုပ်ကြဖို့ မှာကြားထားရန်လိုကြောင်း၊ ဌာနမှ ထုတ်ပေးထားသည့် Outdoor Fitness များကို စနစ်တကျ အသုံးပြုကြရန်နှင့် ပြုပြင်ထိန်းသိမ်းခ ကုန်ကျငွေ များနှင့် မရှိမဖြစ်လိုအပ်သော အားကစားနည်းများအတွက် အထောက်အကူပြုပစ္စည်းများကို ဝယ်ယူထားနိုင်ရေး သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်ဂျက်များတွင် ထည့်သွင်းရေးဆွဲထားရန်လိုကြောင်း၊ ဘတ်ဂျက်သုံးစွဲရာတွင် စာရင်းစစ်ကန့်ကွက်ချက်များ မဖြစ်ပေါ်စေရန်အတွက် ဘဏ္ဍာရေး စည်းမျဉ်း/စည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရငွေများကို သတ်မှတ်ကာလအတွင်း ဘဏ်သို့ အချိန်မီပေးသွင်းနိုင်ရေး ဂရုတစိုက်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများကို ညွှန်ကြားရေးမှူးများမှ ကွင်းဆင်းပြီး သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ အချိန်မီပြီးစီးရေး ဒေသအလိုက် ကြီးကြပ်စစ်ဆေးရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားရန်နှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း ကြပ်မတ်ကွပ်ကဲဆောင်ရွက်သွားရန်လိုကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများအနေဖြင့် ဘတ်ဂျက်သုံးစွဲရာတွင် ရုံးချုပ်သို့ ဦးစွာတင်ပြပြီး ခွင့်ပြုချက်ရယူပြီးမှသာ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရသို့ ဆက်လက်တင်ပြကြရမည်ဖြစ်ပါကြောင်း၊ လာမည့်နှစ်တွင်ကျင်းပမည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ၌ အားကစားနည်း(၂၅)နည်းကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ပါကြောင်းနှင့် ပြေးခုန်ပစ်အားကစားနည်းကိုပါ ထည့်သွင်းထားပါကြောင်း၊ SEA Games ပြိုင်ပွဲများတွင် ပြေးခုန်ပစ်နှင့် ရေကူးအားကစားနည်းသည် ဆုတံဆိပ်အများဆုံးပေးသည့် အားကစားနည်းများဖြစ်သည့် အတွက် မိမိတို့အနေဖြင့်လည်း ဆုတံဆိပ်များပိုမိုရရှိနိုင်ရေးအတွက် ပြေးခုန်ပစ်နှင့် ရေကူးအားကစားနည်းများကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှလည်း Olympic Games အားကစားနည်းများကို အဓိက ဦးစားပေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပဲခူးတိုင်း၊ ပဲခူးမြို့၊ မကွေးတိုင်း၊ မကွေးမြို့နှင့် ရန်ကုန်တိုင်း၊ မြောက်ဒဂုံတို့ရှိ အားကစားကွင်းများတွင် Synthetic ပြေးလမ်းဖောက်လုပ်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများကျင်းပရာတွင် ပြိုင်ပွဲစည်းမျဉ်း/ စည်းကမ်းများကို ကြိုတင်ဖြန့်ဝေပေးထားပြီးဖြစ်သော်လည်း အချို့ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ စည်းကမ်းလိုက်နာမှုမရှိသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ နောက်နှစ်ကျင်းပမည့် ပြိုင်ပွဲများတွင် စည်းမျဉ်း/စည်းကမ်းများအတိုင်း စနစ်တကျ လိုက်နာဆောင်ရွက်ပြီး ပါဝင်ယှဉ်ပြိုင်နိုင်ရေး တာဝန်ခံ ညွှန်ကြားရေးမှူးများမှ သေချာစွာ ကြပ်မတ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများအနေဖြင့် စာသင်နှစ် ပြီးဆုံးတော့မှာဖြစ်သည့်အတွက် ဧပြီလနှင့် မေလများတွင် သင်တန်းသားအသစ် လူရွေးချယ်ရေးကိစ္စများ ဆောင်ရွက်နိုင်ရန် ကြိုတင်စီစဉ်ထားလိုကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် အခြေခံပညာ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများမှ အရည်အချင်းရှိပြီး အလားအလာရှိသည့် အားကစားသမားများကို ရွေးချယ်နိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် Fitness Dance နှင့် Mass Sports ကို အောင်မြင်အောင် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ဌာနမှဖွင့်လှစ်ခဲ့သည့် Myanmar Fitness Dance သင်တန်းတက်ရောက်ထားသော သင်တန်းသား/သူများမှ မိမိတို့တာဝန်ကျရာ ဒေသများတွင် ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချပေးရန်လိုကြောင်း၊ နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း၊ လာမည့်နှစ်တွင် အားကစားနှင့်ကာယပညာသိပ္ပံ(စစ်တွေ)ကို ဖွင့်လှစ်သွားမည်ဖြစ်သည့်အတွက် သင်တန်းသားရွေးချယ်ရေးကိစ္စများကို ကြိုတင်ဆောင်ရွက်ထားရန်နှင့် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများကို ရွေးချယ်မှုပြုလုပ်သွားရန်လိုကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများအနေဖြင့်လည်း သင်တန်းသားများ အောင်ချက် မြင့်မားရေးနှင့် အားကစားလေ့ကျင့်ရေးတို့ကို ဟန်ချက်ညီညီ ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာကြသည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တာဝန်ခံ ညွှန်ကြားရေးမှူးများက လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဝန်ထမ်းအင်အားအခြေအနေများ၊ စီမံအုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ၊ အားကစားနည်းအလိုက် အားကစားသမားများ၏ တိုးတက်မှုအခြေအနေများနှင့် ကျန်းမာရေးကိစ္စရပ်များ၊ ပညာသင်ကြားရေးနှင့် အောင်ချက်မြင့်မားရေးကိစ္စရပ်များ၊ ဘတ်ဂျက်ခွဲဝေချထားမှုအခြေအနေများ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ ဒေသတွင်းအားကစားပြိုင်ပွဲများကျင်းပခဲ့မှု အခြေအနေများနှင့်စပ်လျဉ်း၍ အသီးသီး ဆွေးနွေးတင်ပြခဲ့ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်က သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ယခုအစည်းအဝေး၌ ဆွေးနွေးတင်ပြချက်များကို မှတ်တမ်းထားရှိ၍ ပြည်ထောင်စုဝန်ကြီးနှင့်ပြုလုပ်မည့် (၆)လပတ် အစည်းအဝေးတွင် ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်းပြောကြားကာ အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။