အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများရှိ နည်းပြများနှင့်အားကစားသမားများ၏ မြေပြင်တွင် ကြုံတွေ့ရသည့်အခြေအနေများနှင့် အရည်အသွေးပိုင်းဆိုင်ရာများကို စစ်တမ်းကောက်ယူ သုံးသပ်ခြင်း ညှိနှိုင်း အစည်းအဝေးပွဲ

နေပြည်တော်၊ နိုဝင်ဘာလ (၂၃)။

အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများရှိ နည်းပြများနှင့်အားကစားသမားများ၏ မြေပြင်တွင် ကြုံတွေ့ရသည့်အခြေအနေများနှင့် အရည်အသွေးပိုင်းဆိုင်ရာများကို စစ်တမ်းကောက်ယူ သုံးသပ်ခြင်း ညှိနှိုင်း အစည်းအဝေးပွဲကို ယနေ့ နံနက် (၁၀) နာရီ (၃၀) မိနစ်အချိန်တွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်သော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် ဌာနခွဲအလိုက် တာဝန်ခံညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၏ မြေပြင်တွင် ကြုံတွေ့ရသည့် အခြေအနေအား စစ်တမ်း ကောက်ယူခြင်း ဆောင်ရွက်ရာတွင် ရည်ရွယ်ချက်/ ရည်မှန်းချက် တိတိကျကျရှိရန်လိုအပ်ကြောင်း၊ နည်းပြမွေးထုတ်နိုင်မှု၊ အားကစားသမားများမွေးထုတ်နိုင်မှု စသည့်ရည်ရွယ်ချက်များအတိုင်း ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် အားကစားမှူး ဒေါ်မြင့်သိင်္ဂီက Dream Together Master Program တွင် “ The Involvement Of High School Student Athelete of ISPEs toward. Sport & Education” ခေါင်းစဉ်ဖြင့်ပြုစုခဲ့သည့်စာတမ်းအား ယခုဆောင်ရွက်မည့် စစ်တမ်းကောက်ယူခြင်းနှင့် ပတ်သက်၍ ဆက်စပ်ပြီး ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲအလိုက် တာဝန်ခံညွှန်ကြားရေးမှူးများမှ စစ်တမ်းကောက်ယူရာတွင် ရည်ရွယ်ချက်၊ ရည်မှန်းချက် များ၊ သိပ္ပံကျောင်းများအနေဖြင့် အားကစားသမားများရွေးချယ်ရာတွင် အရေအတွက်ထက် အရည်အချင်းရှိသော အားကစားသမားများကိုသာ စနစ်တကျရွေးချယ်ပြီး နည်းစနစ်ကျွမ်းကျင်သည့် အရည်အချင်းရှိပြီး အဆင့်မီသော နည်းပြများဖြင့် စနစ်တကျ သင်ကြားလေ့ကျင့်ပေးရန်၊ စစ်တမ်း ကောက်ယူမည့် မေးခွန်းတွင် ကျောင်းသို့ တက်ရောက်ရသည့် ရည်ရွယ်ချက်၊ ရရှိနိုင်မည့်အကျိုးကျေးဇူးများ စသည့်မေးခွန်းများ ထည့်သွင်းမေးမြန်းရန်နှင့် စစ်တမ်းကောက်ယူမှုများ ပြုလုပ်ရာတွင် ပြည်ပသို့ ပညာတော်သင် သွားရောက်သည့်သူများ အားလုံး စုပေါင်း၍ စစ်တမ်းကောက်ယူခြင်းများ ဆောင်ရွက်နိုင်ပါက ပိုမိုကောင်းမွန်ပြီး အကျိုးရှိနိုင်မည်ဖြစ်ကြောင်း၊ လိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင်ရွက် ပေးရမည့်အချက်များအား အသီးသီး ဆွေးနွေး တင်ပြခဲ့ကြပါသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် စစ်တမ်းကောက်ယူရာ၌ အချက်အလက်များမှန်ကန်မှုရှိစေရန်နှင့် စနစ်တကျဖြစ်စေရန် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အချက်အလက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရည်ရွယ်ချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဝိုင်းဝန်းပူးပေါင်း လုပ်ကိုင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။