အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီသွေးစည်းညီညွတ်မှုအစီအစဉ်ဖြင့် ဖွင့်လှစ်သည့် အလေးမနည်းပြ သင်တန်း (Level-2) ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဩဂုတ်လ(၇)ရက်။

အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီသွေးစည်းညီညွတ်မှုအစီအစဉ်ဖြင့် ဖွင့်လှစ်သည့် အလေးမနည်းပြ သင်တန်း(Level-2) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေး စခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။

ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ရေတို၊ ရေရှည်စီမံချက်များချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမခြေလှမ်းအဖြစ် အရှေ့တောင်အာရှနိုင်ငံများအလယ်တွင် အနိုင်ရရှိရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ထိုမှတဆင့် အာရှနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများအထိ အောင်မြင်မှုများရရှိအောင် ကြိုးပမ်းသွားကြစေလိုကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အလေးမအားကစားနည်းအနေဖြင့် ရွှေတံဆိပ် (၁)ခု၊ ကြေးတံဆိပ်(၂)ခုတို့ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ကြောင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲတိုင်းတွင် ရွှေတံဆိပ်များဆွတ်ခူးနိုင်ပြီး အောင်မြင်မှုရရှိစေရန် ထူးချွန်သည့်အားကစားသမားများရှိရုံသာမက ထူးချွန်သည့် နည်းပြဆရာကောင်းများ ရှိရန်လည်းလိုကြောင်း၊ နည်းပြများအနေဖြင့်လည်း မျိုးဆက်သစ် အားကစားသမားများအား အခြေခံနည်းစနစ်များကို စနစ်တကျ မှန်မှန်ကန်ကန် သင်ကြားလေ့ကျင့်ပေးစေလိုကြောင်း၊ မြန်မာ့အားကစားတိုးတက်စေရေးအတွက် နိုင်ငံတကာနှင့် ရင်ဘောင်တန်း၍ ခေတ်မီတိုးတက်ပြီး သိပ္ပံနည်းကျသည့် နည်းစနစ်များနှင့် နည်းဗျူဟာများကို မျက်ခြေမပြတ်စေရန် ပြည်တွင်းသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်စေပြီး နိုင်ငံတကာအားကစားအတွေ့အကြုံများ ရရှိစေရန် အတွက် ပြည်ပနိုင်ငံများသို့လည်း စေလွှတ်ပေးလျက်ရှိကြောင်း၊ ယခုဖွင့်လှစ်သော အလေးမနည်းပြသင်တန်းသည် အလေးမအားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် များစွာအထောက်အကူပြုသည့် သင်တန်းဖြစ်ပြီး စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည့် ခေတ်မီတိုးတက်ပြောင်းလဲနေသည့် အဆင့်မြင့်အသိပညာ၊ အတတ်ပညာများကို မိမိတို့၏အတွေ့အကြုံများနှင့်ပေါင်းစပ်ပြီး အလေးမအားကစားတိုးတက်မြင့်မားစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားစေလိုကြောင်းတိုက်တွန်း မှာကြားခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာ အလေးမအဖွဲ့ချုပ်(IWF)မှ တာဝန်ပေးအပ်သည့် နည်းစနစ်ကျွမ်းကျင်သူ Dr. Aphinya Dattuyawat က နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမျိုးလှိုင်၊ ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာအလေးမအဖွဲ့ချုပ်(IWF)မှ နည်းစနစ်ကျွမ်းကျင်သူ Dr. Aphinya Dattuyawat နှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး အလေးမနည်းပြသင်တန်း(Level-2) အား ဩဂုတ်လ(၇)ရက်နေ့မှ (၁၁)ရက်နေ့အထိ သင်တန်းသား/သင်တန်းသူ (၂၀)ဦးဖြင့် ဖွင့်လှစ်သင်ကြားသွား မည်ဖြစ်ကြောင်းသိရသည်။