အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အင်္ဂလိပ်စာဘာသာပြန်သင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ သြဂုတ်(၂၉)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်၍ဖွင့်လှစ်ခဲ့သည့် အင်္ဂလိပ်စာဘာသာပြန်သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီတွင် လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါ သည်။

ဦးစွာ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကတာဝန်ယူဆောင်ရွက်နေကြသည့် လူငယ်ရေးရာဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် အင်္ဂလိပ်စာဘာသာပြန် အခြေခံအဆင့် ကျွမ်းကျင်တတ်မြောက်စေရန်၊ လုပ်ငန်းသုံးအင်္ဂလိပ်စာ (Departmental English) နှင့် ပတ်သက်သည့် ဝေါဟာရများကြွယ်ဝလာစေရန်နှင့် လူငယ်ရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ အာဆီယံ/နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် ကိစ္စရပ်များကို သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ အာဆီယံ/နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်ရာ၌ ဘာသာစကား အခက်အခဲမရှိစေရေး၊ ခေတ်မီတိုးတက်လာသည့် နည်းပညာများအား ပိုမိုထိရောက်စွာ သင်ယူနိုင်စေရေး၊ အင်္ဂလိပ်စာဘာသာပြန်စွမ်းရည် တိုးတက်စေရေးနှင့် အင်္ဂလိပ်စာ အရေး၊ အဖတ်၊ အပြောများကို ပိုမိုလေ့လာသွားကြရမည်ဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်တွင် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေး(AMMY)နှင့် အာဆီယံ လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (SOMY)တို့ကို မြန်မာနိုင်ငံမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူလက်ခံဆောင်ရွက်ရမည်ဖြစ်၍ လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများမှလည်း သက်ဆိုင်ရာကဏ္ဍများအလိုက် ပါဝင်ကူညီဆောင်ရွက်ကြရမည်ဖြစ်သည့်အတွက် သင်တန်းသား/ သင်တန်းသူများအနေဖြင့် မိမိတို့၏ စွမ်းရည်များ ပိုမိုတိုးတက်လာစေရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ သင်တန်းမှပို့ချပေးခဲ့သည့် သင်ခန်းစာများအပြင်ဆက်လက်၍လည်း မိမိကိုယ်မိမိ ကြိုးစားလေ့လာသင်ယူသွားကြရန် မှာကြားလိုပါကြောင်း တိုက်တွန်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာ ညွှန်ကြားရေးမှူး၊ ဦးရဲလွင်မှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဆုချီးမြှင့်ပေးခဲ့ပြီး သင်တန်းသား/ သူများကိုယ်စား သင်တန်းသူ (၁)ဦးမှ သင်တန်းဆင်းလက်မှတ် ရယူခဲ့ပါသည်။

အင်္ဂလိပ်စာဘာသာပြန်သင်တန်းအမှတ်စဉ် (၁/၂၀၂၃)ကို ဇွန်လ(၂၇)ရက်နေ့မှ ဇူလိုင်လ (၂၄)ရက်နေ့ အထိ လူငယ်ရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တနင်္လာနေ့မှ သောကြာနေ့အထိ ရုံးချိန်အတွင်း သင်တန်းသား/သင်တန်းသူ (၂၀)ဦးဖြင့် ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး ဖြစ်ပါသည်။