အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မွန်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်နှင့် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) သင်တန်းသား/သင်တန်းသူများ အထူးနေ့လယ်စာစားပွဲအခမ်းအနားကျင်းပ

မော်လမြိုင်၊ဩဂုတ်လ(၂၃)ရက်။

မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) သင်တန်းသား/သင်တန်းသူများ အထူးနေ့လယ်စာစားပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၂၃)ရက် (ဗုဒ္ဓဟူးနေ့) နံနက်(၁၁:၀၀)နာရီအချိန်တွင် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) စားရိပ်သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်၊ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးမျိုးဆွေ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ ဥပဒေချုပ်ဦးမြင့်အောင်၊ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင် များနှင့် အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးတို့ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ နာယက၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ သင်တန်းသားများအား နှုတ်ခွန်းဆက်အမှာ စကားပြောကြားရာတွင် ဒီကနေ့ကျင်းပတဲ့ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)ရဲ့ အထူး နေ့လယ်စာစားပွဲအခမ်းအနားကို တက်ရောက်လာကြတဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျောင်းအကျိုး တော်ဆောင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်)မှ ကျောင်းအုပ်ကြီးနှင့်တကွ နည်းပြဆရာ/ဆရာမများ၊ ပညာရေးကျောင်းအုပ် ဆရာမကြီးနှင့် သင်တန်းသား/သင်တန်းသူ လူငယ်မောင်/မယ်များအားလုံး ကျန်းမာကြံ့ခိုင်၍ အားကစားနဲ့နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်တဲ့သူများဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်း နှုတ်ခွန်းဆက်သပါကြောင်း၊ ယခုအချိန်အခါတွင် နိုင်ငံတော်အစိုးရအနေဖြင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့နေရာတွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေတာ အားလုံးအသိပဲ ဖြစ်ပါကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့်လည်း “တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး” နှင့် “မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေး” တို့အတွက် မျှော်မှန်းချက် (Vision)၊ ရည်မှန်းချက် (Mission)များ ထားရှိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတာကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်တာဝန်များကို ပခုံးပြောင်းတာဝန်ယူကြရမယ့် လူငယ်များ၏ ကျန်းမာကြံ့ခိုင်မှု၊ ပညာအရည်အချင်း ပြည့်ဝမှုနှင့် စိတ်ဓာတ်ရေးရာမြင့်မားနေရန် လိုအပ်လှပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)မှာ တက်ရောက်လျက်ရှိတဲ့ သင်တန်းသား/သင်တန်းသူများအနေဖြင့်လည်း အားကစားသည် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်၊ လူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာဖြစ်တဲ့အတွက် အားကစားလေ့ကျင့်ဆောင်ရွက်ရာတွင် “အားကစားမြှင့်တင်တည်ဆောက်ခြင်းသည် နိုင်ငံတော်၏ ဖွံ့ဖြိုး တိုးတက်မှုကို ရောင်ပြန်ဟပ်စေသည်” ဟူ၍လည်းကောင်း၊ “အားကစားတိုးတက်မြင့်မားခြင်းသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာအဆင့်အတန်းနှင့် အခြေအနေကိုဖော်ပြသည်” ဟူ၍လည်းကောင်း အားကစားဆိုင်ရာ ခံယူချက်များအဖြစ်သတ်မှတ်၍ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် နိုင်ငံတကာ၏အလယ်တွင် အားကစားဖြင့် နိုင်ငံ၏ဂုဏ်ကို မြှင့်တင်ဆောင်ရွက်နိုင်သူများဖြစ်အောင် စိတ်ဓာတ်မြင့်မားစွာထားရှိပြီး ကြိုးစားကြရန်လိုကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)အနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ အားကစားနည်း(၆)နည်းတွင် သင်တန်းသား/သင်တန်းသူ(၁၁၃)ဦးဖြင့် ကရင်ပြည်နယ်မှ (၂၀)ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ (၁၈)ဦး၊ မွန်ပြည်နယ်မှ(၇၅)ဦးတို့ တက်ရောက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ လူငယ်မောင်မယ်များအနေဖြင့်လည်း လေ့ကျင့်ရေး၊ ပညာသင်ကြားရေး၊ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုစသည့် နိုင်ငံတော်မှထောက်ပံ့ပေးထားသည့်အတွက် နိုင်ငံတော်ကို အထောက်အကူ ပြုနိုင်မယ့် လူငယ်မျိုးဆက်သစ်အားကစားသမားများဖြစ်လာကြဖို့ အပတ်တကုတ် ပြင်းပြင်း ထန်ထန် ကြိုးစားလေ့ကျင့်ဆောင်ရွက်ကြဖို့ အထူးမှာကြားလိုကြောင်း၊ သင်တန်းမှာ တက်ရောက် ကြတဲ့ သင်တန်းသား/သင်တန်းသူများဟာ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှ တိုင်းရင်းသားမိသားစုဝင်တွေဖြစ်ပြီး အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)ကနေ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် တိုင်းရင်းသားအားကစားသမားတွေ ဧကန်မုချပေါ်ထွက်လာမည်ဟု ယုံကြည်မိပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)ကျောင်း ဖွင့်လှစ်ခဲ့သည့် (၉)နှစ်တာကာလအတွင်း မြန်မာ့လက်ရွေးစင်(၂)ဦး၊ လူငယ်လက်ရွေးစင်(၁၉)ဦး၊ ပဏာမ လက်ရွေးစင်(၈)ဦး၊ အဖွဲ့ချုပ်လက်ရွေးစင်(၅၆)ဦး၊ စုစုပေါင်း(၈၁)ဦး မွေးထုတ်ပေးနိုင်ခဲ့သည်ကို သိရှိရသည့်အတွက်ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်အထိ ပြည်တွင်းအားကစားပြိုင်ပွဲများသို့ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)မှ သင်တန်းသား/သင်တန်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၁၂၀)ခု၊ ငွေတံဆိပ် (၁၈၅)ခု၊ ကြေးတံဆိပ်(၂၆၁)ခု၊ စုစုပေါင်း(၅၆၆)ခုကိုရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပြီး ပညာရေး အနေဖြင့်လည်း ကျောင်းသား/ကျောင်းသူများတက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့ရာတွင်ကျောင်းသား (၁၈)ဦး၊ ကျောင်းသူ(၃၅)ဦး၊စုစုပေါင်း(၅၃)ဦးအောင်မြင်ခဲ့ပြီးဂုဏ်ထူးရကျောင်းသား/ကျောင်းသူ (၁၄)ဦးအထိ ထူးချွန်အောင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် လွန်စွာဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ တက်ရောက်လျက်ရှိတဲ့ သင်တန်းသား/သင်တန်းသူများ အနေဖြင့်လည်း ကောင်းမွန်တဲ့အစဉ်အလာရှိတဲ့ မိမိတို့ကျောင်း၏ဂုဏ်ကို ယခုထက်ပိုမိုမြှင့်တင်နိုင်အောင် ကြိုးစားဆောင်ရွက်ကြပါလို့ မှာကြားလိုပါကြောင်း၊ မိမိတို့ မွန်ပြည်နယ်မှာ ဖွင့်လှစ်ထားရှိသည့် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)တွင် တက်ရောက်လျက်ရှိသော သင်တန်းသား/ သင်တန်းသူများအနေဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ သား/သမီးများဖြစ်ကြသည့် အတွက် ယခုလို မကြာခဏလာရောက်တွေ့ဆုံအားပေးခြင်းလည်းဖြစ်ပါကြောင်း၊ သင်ကြားပြသရသောနည်းပြ ဆရာများအနေဖြင့်လည်း စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ကရုဏာ၊ အကြင်နာဟူသော နာ(၅)နာကို လက်ကိုင်ထား၍ မိမိတို့တပည့်သားသမီးများ အစဉ်တိုးတက်ရေးကို ကြိုးစားသွန်သင် လေ့ကျင့်ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းမှာကြားလိုပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ထူးချွန်ထက်မြက်တဲ့ အားကစားသမားကောင်းတွေ ဖြစ်လာစေဖို့အတွက် နည်းပြဆရာများရဲ့ လေ့ကျင့် သင်ကြားပေးမှုများကို ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်ပြီး ကြိုးစားလေ့ကျင့်သင်ယူကြပါ၊ ပညာရေးတွင် လည်းထူးချွန်ထက်မြက်သူများဖြစ်လာရန် အပတ်တကုတ်ကြိုးစားသင်ယူလေ့လာကြပါ၊ မောင်တို့ မယ်တို့အားလုံး ကျန်းမာကြံ့ခိုင်ပြီး ပညာရည်ထူးချွန်တဲ့ နိုင်ငံ့ဂုဏ်ဆောင်ပညာတတ်အားကစားသမားကောင်းများ ဖြစ်လာအောင် အစွမ်းကုန်ကြိုးစားကြပါလို့ တိုက်တွန်းမှာကြားလိုကြောင်း နှုတ်ခွန်းဆက် အမှာစကားပြောကြားသွားပါသည်။ ဆက်လက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့မှ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) သင်တန်းသား/သင်တန်းသူများအား ထောက်ပံ့လှူဒါန်း ငွေကျပ်(၁၀)သိန်းအား ပြည်နယ်ဝန်ကြီးချုပ်မှ ပေးအပ်ခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးနေမျိုးလွင်မှလက်ခံရယူခဲ့ပါသည်။ ထို့နောက် သင်တန်းသား/သင်တန်းသူများနှင့် အထူးနေ့လယ်စာအားအတူ သုံးဆောင်ခဲ့ကြပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ပါသည်။

အဆိုပါ အထူးနေ့လယ်စာစားပွဲအခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူး ဦးနေမျိုးလွင်နှင့် တာဝန်ရှိသူများ၊ မွန်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်ဇော်၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)မှ နည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။