အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃) ကျင်းပ

နေပြည်တော်၊ ဇူလိုင်(၂၇)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၂/၂၀၂၃)ကို ယနေ့မွန်းလွဲပိုင်းတွင် လူငယ်ရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် ဩဂုတ်လ (၁၂)ရက်နေ့ တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများနှင့် ကဏ္ဍအသီးသီးတွင် ထူးချွန်ဆုရရှိခဲ့ကြသူများကို အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထူးချွန်ဆုများအဖြစ် အားကစား၊ ပညာရေးနှင့် ကဏ္ဍအသီးသီးတို့တွင် အပြည်ပြည်ဆိုင်ရာထူးချွန်ဆုရရှိခဲ့ကြသူများ၊ အာဆီယံထူးချွန်ဆု၊ တစ်နိုင်ငံလုံးကဏ္ဍအလိုက်ထူးချွန်သူ ပထမတစ်ဦးကိုသာဆုချီးမြှင့်ရန်အတွက် ဝန်ထမ်းမိသားစုများမှ ထူးချွန်သူများ၊ အင်္ဂလိပ်စာထူးချွန်သူများ၊ ရေကြောင်း/လေကြောင်းလူငယ်၊ ကင်းထောက်လူငယ်၊ လူရည်ချွန်လူငယ်၊ မီးသတ်လူငယ်၊ ကြက်ခြေနီ လူငယ်နှင့် ပညာရေးထူးချွန်သည့်လူငယ်များကို ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ပြည်တွင်းပြိုင်ပွဲများနှင့် အပြည်ပြည်ဆိုင်ရာပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများ၏ အမည်စာရင်းများကို လူငယ်ရေးရာဦးစီးဌာနသို့ သတ်မှတ်ရက်အတွင်း အချိန်မီပေးပို့စေလိုကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအသီးသီးရှိ တာဝန်ရှိသူများမှ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများမှ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ တည်းခိုနေထိုင်ရေးနှင့် အခမ်းအနားပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များ၊ ထူးချွန်ဆုချီးမြှင့်မည့်အစီအစဉ်များ၊ အထွေထွေကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက် လမ်းညွှန်ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။