အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြင်းစီးအားကစားနည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံလမ်းညွန်

ရန်ကုန်၊ သြဂုတ်လ (၅)ရက်။      

မြင်းစီးအားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံလမ်းညွှန်ဆွေးနွေးသည့် အခမ်းအနားကို ယနေ့ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၊ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ရန်ကုန်မြင်းစီးအသင်း ( YECC )ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြင်းစီးကလပ် အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ပထမဦးစွာအစည်းအဝေးတက်ရောက်လာသူများက တစ်ဦးချင်းစီ ပြည်ထောင်စုဝန်ကြီးအား မိတ်ဆက်ဂါရဝပြုပြီးနောက် ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင်  အားကစားနှင့်လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဦးဆောင်၍ တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့အားကစားလောကတိုးတက်အောင်မြင်ရေးကို ဆောင်ရွက်ရခြင်းဖြစ်တဲ့အတွက် အားကစားနည်းပေါင်းစုံ စဉ်ဆက်မပြက် ဆောင်ရွက်နိုင်ရေးကို ဦးတည်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ အားကစားကျဆင်းရခြင်းမှာ မျိုးဆက်သစ် ခါးပြတ်မှုကြောင့်ဖြစ်ပါကြောင်း၊အဖွဲ့ချုပ်များသည် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် နိုင်ငံဂုဏ်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ပေး နေတာဖြစ်သည့်အတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ လုပ်ဖော်ကိုင်ဖက်များအဖြစ် ခံယူထားပါကြောင်း၊ အောင်မြင်မှုရရှိဖို့ဆိုလျှင် အကောင်းမြင်ဝါဒနှင့် ကြည့်ရှုဆောင်ရွက်မှသာ ခရီးပေါက်မည်ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှုအားနဲ့ ပေါင်းစပ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင်  အားကစားနည်းပေါင်းစုံ၌ ကလပ်အသင်းများ ဖွဲ့စည်းရေးကို ဆောင်ရွက်လျက်ရှိပြီး အားကစားကလပ်များသည် အဖွဲ့ချုပ်များတွင် မှတ်ပုံတင်၍ မိမိဝါသနာပါ ချစ်မြတ်နိုးသော အားကစားနည်းအောင်မြင်ရေးကို ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ချုပ်အကြံပေး၊ ရန်ကုန်မြင်းစီးအသင်း၊ (AAA)မြင်းစီးကလပ်၊ ကြည်သာအေးမြ မြင်းစီးကလပ်၊  Gallop Myanmar မြင်းစီးကလပ်အသင်း နှင့် ရှမ်းပြည်နယ်မြင်းစီးအသင်းတို့မှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များက  လက်ရှိဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်လိုသော လုပ်ငန်းရပ်များကို ဆွေးနွေးတင်ပြကြပါသည်။ ထိုသို့ ဆွေးနွေးတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေးနှင့် အဖွဲ့ချုပ်ကို မြင်းစီးအားကစားဝါသနာပါသော၊ အမှန်တကယ်ဆောင်ရွက်လိုသော၊ ပံ့ပိုးကူညီနိုင်သော၊ အတွေ့အကြုံရင့်ကျက်သော ပညာရှင်များ၊ မျိုးဆက်သစ်များဖြင့် ပြန်လည်ဖွဲ့စည်းရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ယနေ့ တွေ့ဆုံညှိနှိုင်းအစည်းအဝေး၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် မြင်းစီးကလပ်အသင်းများ တိုးပွားလာရေးနှင့် မျိုးဆက်သစ်အားကစားသမားထွက်ပေါ်ရေး၊ အဖွဲ့ချုပ်နှင့် ကလပ်အသင်းများ အပြန်အလှန်အမီသဟဲပြု၍ အားကစားနည်း အောင်မြင်ရေးကို ပူးပေါင်းဆောင်ရွက်ပေးရေး၊ မြင်းစီးအားကစားနည်း ဖွံ့ဖြိုးတိုးတက်၍ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှု ရရှိရေးကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများ လိုက်ပါလျက် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ဝင်းအတွင်းရှိ အမျိုးသား/ အမျိုးသမီး(၄)ထပ် အိပ်ဆောင် တည်ဆောက်ပြီးစီးမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီးနောက် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းသို့ရောက်ရှိ၍ အသင်းကြီးအတွက် အလှူငွေကျပ် (၁၀)သိန်း ပေးအပ်ခဲ့ရာ ဥက္ကဋ္ဌ ဦးစိုးသိန်းက လက်ခံရယူခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဂေါက်သီးလေ့ကျင့်ရေးကွင်း တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီးနောက် မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်၌ မျိုးဆက်သစ်လူငယ်များ လေ့ကျင့်နေမှုအား ဝင်ရောက်ကြည့်ရှုအားပေးခဲ့ပြီး မြန်မာနိုင်ငံ ကျွမ်းဘား အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ကလေးမိဘများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး စကားပြောကြားခဲ့ကြောင်းသိရှိရသည်။