အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အစည်းအဝေးကျင်းပ

ရန်ကုန်၊စက်တင်ဘာလ(၃၀)ရက်။

မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အစည်းအဝေးကို ယနေ့နံနက်(၉)နာရီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း ၊ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ စိုးဝင်း ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ပိုမိုထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းပေးခဲ့ပြီး လူငယ်ရေးရာဦးစီးဌာနကိုလည်း တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း၊ လူငယ်ရေးရာကိစ္စရပ်များ ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့်အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန် မူဝါဒ ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်(၁၀)ရပ် ချမှတ်ပေးခဲ့ပြီး မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် နေပြည်တော်ကောင်စီ ၊တိုင်းဒေသကြီး/ ပြည်နယ်၊လူငယ်ရေးရာကော်မတီ(၃)ရပ် ဖွဲ့စည်းထားရှိပြီး ဖြစ်ကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ အောင်မြင်စေရန် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအနေဖြင့် အထက်အောက် အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်သွားကြရန်နှင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ရောက်လာကြသူများက အကြံပြု ဆွေးနွေးပေးကြရန် ပြောကြားပါသည်။

ယင်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက လူငယ်များဟာ တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်တဲ့အတွက် လူငယ်များကိုကြည့်ပြီး တိုင်းပြည်အနာဂတ်ကို မှန်းဆကြည့်၍ ရပါကြောင်း၊နိုင်ငံတော်က အားထားရသည့် လူငယ်များဖြစ်စေရန် ပညာရေးကို အခြေခံ၍ ကျန်းမာကြံ့ခိုင်အောင် လမ်းကြောင်းမှန်ပေါ် ရောက်ရှိစေရန်အတွက် လူငယ်ကဏ္ဍ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဌာနများအချင်းချင်း ပူးပေါင်း ချိတ်ဆက် ဆောင်ရွက်ရန် လိုကြောင်း၊လူငယ်များ ဗဟုသုတပြည့်စုံမှု ၊ ကျွမ်းကျင်မှုရှိရုံမျှမက ခံယူချက်ကောင်းသည့်သူများ ဖြစ်အောင်မိဘ၊ ဆရာ/ဆရာမများမှာ အဓိကတာဝန်ရှိ ကြောင်း ၊ လူငယ်ပြုစုပျိုးထောင်ရေး လုပ်ငန်းများကို မူကြိုကျောင်းတက်ခါစ အရွယ် ကတည်းက စတင်ဆောင်ရွက်ရမှာဖြစ်လို့ အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက် သူများဖြစ်အောင် ၊ မျိုးချစ်စိတ်ဓာတ်ရှိသူများဖြစ်အောင်၊ အခြေခံကစ သင်ကြားပေး သွားရမှာဖြစ်ကြောင်း၊လူငယ်များစာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိအောင် ငယ်စဉ် ကတည်းက လေ့ကျင့်ပေးရန် လိုကြောင်း၊ လူငယ်စင်တာများ ထူထောင်ပြီး လူငယ်များ အကြား လူငယ်ကဏ္ဍ(၁၆)ရပ်ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်မှာဖြစ်ကြောင်း၊ နိုင်ငံတော် အကြီးအကဲရဲ့ လမ်းညွှန်ချက်နှင့်အညီ ပညာရေးကျောင်းများ ကိုအခြေခံ၍ ကျောင်းကြက်ခြေနီ၊ ကင်းထောက်လူငယ်၊လေကြောင်းလူငယ်၊ ရေကြောင်း လူငယ်ဖွဲ့စည်းရေးကော်မတီ အဖွဲ့ဝင်များအားလုံး ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ၊ ကျန်းမာကြံ့ခိုင်သော လူငယ်များဖြစ်အောင် စာသင်ကျောင်းများတွင် ကာယပညာအချိန်များ ၌ အားကစားကို ထိထိရောက်ရောက် ဆောင်ရွက်ကြစေလိုကြာင်း၊ ကျောင်းနေကလေး သာမက မသန်းစွမ်းသူများ၊လမ်းပေါ်နေ ကလေးများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆက်စပ်ဝန်ကြီးဌာနများက စီမံချက်များ ချမှတ်ဆောင်ရွက်နေတာကို တွေ့ရှိရတဲ့အတွက် ဝမ်းမြောက်မိပါကြောင်း လူငယ်တွေအတွက် စေတနာထား၍ ယခုထက်ပို၍ ဆောင်ရွက် ပေးနိုင်ရန် ကြိုးစားကြစေလိုကြောင်းဖြင့် ရှင်းလင်းပြောကြားပါသည်။

ထို့နောက် တက်ရောက်လာသူများက တင်ပြဆွေးနွေးကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။