အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်၏ နှစ်(၇၀)ပြည့်အထိမ်းအမှတ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင်(၂၅)ရက်။

မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်၏ နှစ်(၇၀)ပြည့်အထိမ်းအမှတ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ရိုးရာခြင်းလုံးပညာရှင်ကြီးများနှင့် ခြင်းလုံးအားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာအားကစားနည်းများအနက်မှ ခြင်းလုံးအားကစားနည်းသည် အထင်ရှားဆုံးအားကစားနည်းတစ်ခုဖြစ်ပြီး ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေသည့် အားကစားနည်းလည်းဖြစ်ပါကြောင်း၊ ရိုးရာခြင်းလုံးအားကစားနည်း တိုးတက်အောင်မြင်စေရန်အတွက် ၁၉၅၃ခုနှစ်၊ ဇူလိုင်(၁၀)ရက်နေ့မှစ၍ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ခြင်းလုံးအားကစားနည်း၏ “အပေးအယူ လွန်ကြည်ဖြူခြင်းမူစာဂ မျှစိတ္တ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ခြင်းလုံးခတ်ကစားခြင်းဖြင့် ရိုင်းပင်းကူညီလိုစိတ်နှင့် စုပေါင်းလုပ်ကိုင်မှုစိတ်ဓါတ်များ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ခြင်းလုံးအားကစားနည်းကို ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံများအထိ တိုးတက်ပြန့်ပွားစေရေးအတွက် အခြေခံပညာကျောင်းများတွင် မြန်မာ့ရိုးရာခြင်းလုံးသင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့် ပြည်တွင်းပြိုင်ပွဲများ ကျင်းပပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၁၃ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် (၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရိုးရာခြင်းလုံးအားကစားနည်းကို ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပခဲ့ပြီး ရွှေတံဆိပ်(၆)ခုကို မြန်မာနိုင်ငံအတွက် ဆွတ်ခူးရယူပေးနိုင်ခဲ့ပါကြောင်း၊ အလားတူ (၂၈)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ခု၊ (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်(၂)ခုနှင့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၃)ခုနှင့် ကြေးတံဆိပ်(၁)ခု ရယူပေးနိုင်ခဲ့ပြီး ခြင်းလုံးအားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုကျရောက်သည့် နှစ်(၇၀)ပြည့် မှသည် ရတုအဆက်ဆက်တိုင်အောင် မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းအား အရှေ့တောင်အာရှအဆင့်မှ အာရှအဆင့်၊ ကမ္ဘာ့အဆင့်များအထိ တိုးတက်ပြန့်ပွားစေရေးအတွက် ရိုးရာခြင်းလုံးအဖွဲ့ချုပ်နှင့် တာဝန်ရှိသူများမှ ဆက်လက်ကြိုးပမ်းသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်နာယက ဦးစိုးတင့်မှ ရိုးရာခြင်းလုံးအားကစားနည်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဉက္ကဋ္ဌ ဦးသက်လွင်မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အသက်(၇၀)နှစ်နှင့်အထက် ရိုးရာခြင်းလုံး ပညာရှင်များအား ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများမှ အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရိုးရာခြင်းလုံးအဖွဲ့များ၏ ခြင်းလုံး အလှပြခတ်ကစားနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး တစ်ကိုယ်တော်စွမ်းရည်ပြ (တစ်ပင်တိုင်) သရုပ်ပြသခဲ့သည့် မစုတွယ်တာအား မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူက ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် (၁)သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက သရုပ်ပြအဖွဲ့များအား တစ်ဖွဲ့လျှင် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၁)သိန်းနှုန်းဖြင့် စုစုပေါင်းချီးမြှင့်ငွေ ကျပ်(၆)သိန်းအား ထပ်ဆောင်းချီးမြှင့်ခဲ့သည်။

ယင်းနောက် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပလျက်ရှိသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်တွင် ကချင်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများမှ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။