အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်နှင့် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ပူးပေါင်း၍ အားကစားအသိပညာပေး ဟောပြောပွဲနှင့် ကျွမ်းဘားအားကစားနည်းသရုပ်ပြပွဲအခမ်းအနားကျင်းပ

တောင်ကြီး၊ ဇူလိုင်(၁၀)ရက်။

မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်နှင့် ရှမ်းပြည်နယ်၏ အားကစားဖွံ့ဖြိုးတိုးတက်ပြီး ကျောင်းသား/ကျောင်းသူ လူငယ်များ ကျွမ်းဘားအားကစားနည်းကို စိတ်ပါဝင်စားလာစေရန်အတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်နှင့် ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျွမ်းဘားအားကစားနည်းအခြေခံ နည်းစနစ်များ ဟောပြောပွဲနှင့် သရုပ်ပြပွဲအခမ်းအနားအား ယနေ့နံနက်(၉)နာရီက တောင်ကြီးမြို့၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နံနက်(၉)နာရီအချိန်တွင် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)၌ လည်းကောင်း၊ နေ့လည် (၁၄:၀၀)အချိန်တွင် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း ဟောပြောပွဲကျင်းပရာတွင် မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်၊ ဒုဥက္ကဌ ဒေါ်နီနီအောင်က ကျွမ်းဘားအားကစားနည်း၏ အခြေခံနည်းစနစ်များနှင့် မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစား လုပ်ဆောင်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများအား အသိပညာပေး ဟောပြောခဲ့ပြီးနောက် မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်မှ အားကစားသမားများက ကျွမ်းဘားအားကစားနည်း အခြေခံနည်းစနစ်များဖြင့် သရုပ်ပြကစားခဲ့ကြသည်။

ကျွမ်းဘားအားကစားနည်းအခြေခံနည်းစနစ်များ ဟောပြောပွဲနှင့် အခြေခံနည်းစနစ်များ သရုပ်ပြပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်နာယက ဦးမြင့်အောင်၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူစုစုပေါင်း(၁၈၀၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။